Eleven Media Group

အေစီမီလန်မှာ မိုဒရစ် ကစားမယ်လို့ အေစီမီလန်အားကစားဒါရိုက်တာ အတည်ပြုပြောကြား

Photo: X

အေစီမီလန်အသင်းရဲ့ အားကစားဒါရိုက်တာ အစ်ဂလီတဲရားက ၀ါရင့်ခရိုအေးရှားကွင်းလယ်ကစားသမား မိုဒရစ်ဟာ အေစီမီလန်အသင်းမှာ ကစားမယ်လို့ အတည်ပြုပြောကြားခဲ့ပါတယ်။
လာမယ့် စက်တင်ဘာမှာ အသက်(၄၀)ပြည့်မယ့် မိုဒရစ်ဟာ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲပြီးရင် ရီးယဲလ်မက်ဒရစ်အသင်းနဲ့ လမ်းခွဲတော့မှာပါ။
အသင်းသစ်ရှာဖွေနေတဲ့ မိုဒရစ်က လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ခရိုအေးရှားအသင်းရဲ့ ပွဲထွက်ကစားသမားအဖြစ် ဆက်လက်ရပ်တည်ချင်တာကြောင့် ပုံမှန်ပွဲကစားခွင့်အတွက် အာမခံချက်ပေးနိုင်မယ့် အသင်းကို အလိုရှိနေတယ်လို့ သိရပါတယ်။
မိုဒရစ်က ဘယ်အသင်းကို ပြောင်းရွှေ့ကစားမယ်ဆိုတာ အတည်ပြုခြင်းမရှိသေးပေမဲ့ အေစီမီလန်အသင်းရဲ့ အားကစားဒါရိုက်တာ အစ်ဂလီတဲရားကတော့ ''လူကာမိုဒရစ်ကို ခေါ်ယူဖို့ ကျွန်တော်တို့ အသင့်ဖြစ်နေပါပြီ။ ကျွန်တော်တို့ ခေါင်းဆောင်အသစ်တွေ လိုအပ်နေပါတယ်။ မိုဒရစ်ဟာ ကျွန်တော်တို့အတွက် အဓိကကစားသမားတစ်ယောက် ဖြစ်လာနိုင်ပါတယ်။ သူက အသင်းရဲ့ ရည်မှန်းချက်တွေအကြောင်းလည်း မေးမြန်းထားပါတယ်'' လို့ ပြောကြားခဲ့ပါတယ်။
ESPN ကတော့ အေစီမီလန်အသင်းဟာ မိုဒရစ်ကို တစ်ရာသီစာချုပ်ချုပ်ဆိုမှာဖြစ်ပြီး နောက်ထပ်တစ်ရာသီ သက်တမ်းတိုးနိုင်မယ့် သဘောတူညီမှုလည်း ပါဝင်မှာဖြစ်ကြောင်း၊ လစာအဖြစ် တစ်ပတ်ပေါင်(၅၇၀၀၀)နဲ့ အပိုဆုကြေးထပ်ဆောင်းပေးအပ်မှာဖြစ်ကြောင်း ဖော်ပြခဲ့ပါတယ်။

မူရင်းသတင်း — Eleven Media Group