Eleven Media Group

နူးကမ့်ကွင်းကို သြဂုတ်(၁၀)မှာ ပြန်အသုံးပြုမယ်လို့ ဘာစီလိုနာ အတည်ပြု

Photo: FC Barcelona

ဘာစီလိုနာအသင်းက တည်ဆောက်နေဆဲဖြစ်တဲ့ နူးကမ့်ကွင်းကို သြဂုတ်(၁၀)မှာ ပြန်အသုံးပြုမယ်လို့ အတည်ပြုကြေညာခဲ့ပါတယ်။
ဘာစီလိုနာအသင်းက နူးကမ့်ကွင်း အဆင့်မြှင့်တည်ဆောက်မှုကို ၂၀၂၃ ခုနှစ်ကတည်းက စတင်ပြုလုပ်နေတာဖြစ်ပြီး မူလက အသင်းတည်ထောင်မှု ၁၂၅ နှစ်ပြည့်တဲ့ ၂၀၂၄ နိုဝင်ဘာ ၂၉ မှာ ဖွင့်လှစ်ဖို့ စီစဉ်ခဲ့ပေမဲ့ မပြီးစီးခဲ့ပါဘူး။
အခုနွေရာသီမှာ ဖွင့်လှစ်ဖို့ ရည်မှန်းထားပေမဲ့လည်း လက်ရှိအချိန်အထိ တည်ဆောက်မှု အပြီးမသတ်နိုင်သေးပါဘူး။
ဒါပေမဲ့ ဘာစီလိုနာအသင်းရဲ့ ဥက္ကဋ္ဌ လာပေါ်တာက သြဂုတ်(၁၀)ရက်မှာ ယှဉ်ပြိုင်ကစားမယ့် ယိုအန်ဂမ်ပါဖလားပွဲကို နူးကမ့်ကွင်းမှာ ယှဉ်ပြိုင်ကစားဖို့ ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။
ယိုအန်ဂမ်ပါဖလားက ရာသီကြိုကာလမှာ နှစ်စဉ် ယှဉ်ပြိုင်ကစားလေ့ရှိတဲ့ ပြိုင်ပွဲဖြစ်ပြီး ဒီနှစ်အတွက် ပြိုင်ဘက်ကိုတော့ ရွေးချယ်ရခြင်းမရှိသေးပါဘူး။
နူးကမ့်ကွင်းအဆင့်မြှင့်တည်ဆောက်မှုက ပေါင် (၁.၂၅)ဘီလီယံ ကုန်ကျခဲ့ပြီး ပရိသတ်(၁၀၅၀၀၀) ဝင်ဆံ့တဲ့ကွင်း ဖြစ်လာမယ်လို့ သိရပါတယ်။
ကွင်းတည်ဆောက်မှုအတွက် Spotify က ပံ့ပိုးကူညီပေးခဲ့ခြင်းဖြစ်တာကြောင့် ကွင်းအမည်ကို Spotify Camp Nou လို့ အမည်ပြောင်းလဲပေးအပ်သွားမယ်လို့လည်း သိရပါတယ်။

မူရင်းသတင်း — Eleven Media Group