
အာဆင်နယ်အသင်းဟာ ဘရန့်ဖို့ဒ်အသင်းခေါင်းဆောင် ဒိန်းမတ်ကွင်းလယ်ခံစစ်ကစားသမား နော်ဂတ်ကို ခေါ်ယူဖို့ ပြောင်းရွှေ့ကြေးသဘောတူညီမှု ရရှိခဲ့ပြီလို့ သိရပါတယ်။
အာဆင်နယ်အသင်းက စာချုပ်သက်တမ်းကုန်ဆုံးတော့မယ့် ဂါနာကစားသမား ပါတေးရဲ့နေရာ အစားထိုးဖို့အတွက် နော်ဂတ်ကို ခေါ်ယူဖို့ စီစဉ်တာပါ။
အာဆင်နယ်အသင်းက နော်ဂတ်(၃၁ နှစ်)အတွက် ကနဦးပြောင်းရွှေ့ကြေးပေါင်(၁၀)သန်းနဲ့ Add-ons ကြေး ပေါင်(၅)သန်းပေးချေရမယ်လို့ BBC က ဖော်ပြခဲ့ပါတယ်။
နော်ဂတ်က ဘရန့်ဖို့ဒ်အသင်း လိဂ်ချန်ပီယံရှစ်မှာရှိစဉ် ၂၀၁၉ နွေရာသီကတည်းက ဖီအိုရင်တီးနားကနေ ပေါင်(၃)သန်းဝန်းကျင်နဲ့ ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး ၂၀၂၃-၂၄ ရာသီကစပြီး အသင်းခေါင်းဆောင်အဖြစ် ခန့်အပ်ခံခဲ့ရသူပါ။
နော်ဂတ်က ဘရန့်ဖိုဒ်အသင်းနဲ့အတူ ပရီးမီးယားလိဂ်မှာ အတွေ့အကြုံကြွယ်ဝသူဖြစ်ပေမဲ့ အသက်(၃၁)နှစ်ရှိပြီဖြစ်တာကြောင့် ပါတေးကို သက်တမ်းမတိုးဘဲ သူ့ကို ခေါ်ယူခြင်းအပေါ် ဝေဖန်ပြစ်တင်မှုအချို့တော့ ရှိနေပါတယ်။
အာဆင်နယ်အသင်းဟာ ချယ်လ်ဆီးအသင်းက စပိန်ဂိုးသမား ကယ်ပါကိုလည်း ခေါ်ယူနိုင်ဖို့ နီးစပ်နေပြီလို့ သိရပါတယ်။