
မန်စီးတီးအသင်းရဲ့ ကွင်းလယ်ကစားသမား ရိုဒရီက အသင်းအတွက် ပြန်ကစားနိုင်ပြီဖြစ်ပေမဲ့ အကောင်းဆုံးပုံစံ ပြန်လည်ရရှိဖို့ လအနည်းငယ် အချိန်ယူရနိုင်တယ်လို့ သုံးသပ်ပြောကြားခဲ့ပါတယ်။
စပိန်ကွင်းလယ်ခံစစ်ကစားသမား ရိုဒရီ(၂၉ နှစ်)ဟာ ပြီးခဲ့တဲ့ရာသီက ရာသီအစပိုင်းမှာပဲ ဒူးအရွတ်ဒဏ်ရာ ရရှိခဲ့တာကြောင့် ခွဲစိတ်ကုသမှုခံယူခဲ့ရပြီး ရာသီကုန်ခါနီးမှ ပြန်ကစားနိုင်ခဲ့ပါတယ်။
အခု ကလပ်ကမ္ဘာ့ဖလားအုပ်စုပွဲစဉ်နှစ်ပွဲမှာလည်း လူစားဝင်ကစားသမားအဖြစ် ပါဝင်ကစားခဲ့ပြီး ဂျူဗင်တပ်စ်နဲ့ ရင်ဆိုင်ရမယ့် အုပ်စုနောက်ဆုံးပွဲစဉ်မှာတော့ ပွဲထွက်ခွင့်ရလာဖွယ်ရှိကြောင်း သတင်းထွက်နေပါတယ်။
ရိုဒရီကလည်း ကြံ့ခိုင်မှုက အရမ်းကောင်းနေပြီလို့ ခံစားရကြောင်း ပြောကြားခဲ့ပေမဲ့ အကောင်းဆုံးပုံစံ ပြန်ရဖို့တော့ အချိန်ယူရဦးမယ်လို့ ဆိုခဲ့တာပါ။
ကျွန်တော် အရမ်းအရမ်းကို သန်မာနေပြီလို့ ခံစားရပါတယ်။ လုပ်ငန်းစဉ်က ရှည်ကြာခဲ့ပေမဲ့ ကျွန်တော့်ရဲ့အချိန်တွေ ပြန်ရောက်လာပါပြီ။ အရေးအကြီးဆုံးအရာကတော့ ဒါကို ထိန်းထားဖို့ပါ။ ဘာပဲဖြစ်ဖြစ် ပြန်ကစားနိုင်တဲ့အတွက် အရမ်းကိုစိတ်လှုပ်ရှားပါတယ်။ အကောင်းဆုံးပုံစံ ပြန်ရောက်ဖို့တော့ လအနည်းငယ် အချိန်ယူရနိုင်ပါတယ်။ ဒါပေမဲ့ ကျွန်တော် ပျော်ပါတယ် လို့ ရိုဒရီက ပြောကြားခဲ့ပါတယ်။