
မက္ကဆီကိုကလပ် မွန်တာရေးအသင်းရဲ့ နောက်ခံလူ ဆာဂျီယိုရာမို့စ်က ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အသင်းတွက် သမိုင်းဝင်အခိုက်အတန့်ဖြစ်တယ်လို့ ကြုံးဝါးပြောကြားခဲ့ပါတယ်။
မွန်တာရေးအသင်းဟာ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကို (၆)ကြိမ်မြောက် ယှဉ်ပြိုင်ခွင့်ရတာဖြစ်ပြီး အမြင့်ဆုံးအောင်မြင်မှုအဖြစ် တတိယ ရရှိခဲ့ဖူးပါတယ်။
ဒီနှစ်ပြိုင်ပွဲမှာတော့ ရှုံးပွဲမရှိရလဒ်နဲ့ ရှုံးထွက်အဆင့်ကို တက်လှမ်းနိုင်ခဲ့တာပါ။
အသက်(၃၉)နှစ်ရှိပြီဖြစ်တဲ့ ရာမို့စ်က အုပ်စု(၃)ပွဲစလုံးမှာ ပွဲချိန်ပြည့်ကစားပြီး ခြေစွမ်းပြနိုင်ခဲ့ပါတယ်။
ဒါကြောင့် သူက ကြုံးဝါးပြောဆိုမှု ပြုလုပ်ခဲ့ခြင်းလည်း ဖြစ်ပါတယ်။
''ဒါဟာ ကျွန်တော်တို့အတွက် အရေးပါတဲ့ ခြေလှမ်းတစ်လှမ်းပါပဲ။ ကျွန်တော်တို့မှာ အခွင့်အရေးရှိတယ်ဆိုတာ လူအများစုက မယုံကြည်ခဲ့ကြပါဘူး။ ဒါဟာ အသင်းအတွက် သမိုင်းဝင်အခိုက်အတန့်တစ်ခုပါပဲ။ ကျွန်တော်တို့ ပွဲတိုင်းမှာ ကောင်းကောင်းကစားနိုင်ခဲ့တာကြောင့် အောင်ပွဲခံဖို့ ထိုက်တန်ပါတယ်။ ဒီအသင်းကို ရောက်လာတာ လအနည်းငယ်သာ ရှိသေးပေမဲ့ ဒီအသင်းရဲ့ အစိတ်အပိုင်းဖြစ်ရတာ ဂုဏ်ယူပါတယ်'' လို့ ရာမို့စ်က ပြောကြားခဲ့ပါတယ်။
မွန်တာရေးအသင်းဟာ ၁၆ သင်းအဆင့်မှာ ဒေါ့မွန်အသင်းနဲ့ ရင်ဆိုင်ရမှာပါ။