
စပိန်လက်ရွေးစင်တောင်ပံကစားသမား နီကိုဝီလီယံစ်ကို ခေါ်ယူဖို့ ဘာစီလိုနာအသင်း ကြိုးပမ်းနေခြင်းအတွက် လာလီဂါပြိုင်ပွဲတာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ ဘီလ်ဘာအိုအသင်းက ထုတ်ပြန်ခဲ့ပါတယ်။
ဘာစီလိုနာအသင်းအားကစားဒါရိုက်တာ ဒေကိုက နီကိုဝီလီယံစ်ကို စာချုပ်လျော်ကြေး ယူရို (၅၈) သန်းနဲ့ ခေါ်ယူနိုင်ဖို့ ကြိုးပမ်းနေကြောင်းနဲ့ ကစားသမားကိုယ်တိုင်ကလည်း ပြောင်းရွှေ့ဖို့ ပြင်းပြတဲ့ဆန္ဒကို ပြသထားကြောင်း ပြီးခဲ့တဲ့ရက်သတ္တပတ်အတွင်း ထုတ်ဖော်ပြောကြားခဲ့တာပါ။
ဒါ့ပြင် ဘာစီလိုနာအသင်းဥက္ကဋ္ဌ လာပေါ်တာကလည်း သူတို့အနေနဲ့ ကစားသမားသစ် ထပ်မံခေါ်ယူနိုင်မယ်လို့ ယုံကြည်ထားကြောင်းနဲ့ ကစားသမား (၂)ဦး မှတ်ပုံတင်နိုင်မှာဖြစ်ကြောင်း ပြောကြားထားပါတယ်။
ဒါကြောင့် ဘီလ်ဘာအိုအသင်းက "အဖွဲ့အစည်းနှစ်ရပ်အကြား တွေ့ဆုံဆွေးနွေးစဉ်မှာ လာလီဂါဘက်က ပူးပေါင်းဆောင်ရွက်မှုနဲ့ ရှင်းလင်းချက်ပေးမှုအတွက် ကျေးဇူးတင်ပါတယ်။ အဲဒီဆွေးနွေးပွဲကို ဥက္ကဋ္ဌတွေဖြစ်တဲ့ ဟာဗီယာတီဘက်စ် (လာလီဂါ) နဲ့ ဂျွန်အူရီယာတီ (ဘီလ်ဘာအို) တို့ တက်ရောက်ခဲ့ပါတယ်။ ဆွေးနွေးပွဲကို မက်ဒရစ်မှာပြုလုပ်ခဲ့ပြီး ဘဏ္ဍာရေးမျှတစွာယှဉ်ပြိုင်မှုစည်းမျဉ်း လိုက်နာခြင်းအတွက် အက်သလက်တစ်ရဲ့ တောင်းဆိုမှုကြောင့် ပြုလုပ်ခဲ့တာပါ။ ဆွေးနွေးခဲ့တဲ့ ကိစ္စတွေထဲမှာ ဘာစီလိုနာရဲ့ ကစားသမား ခေါ်ယူနိုင်မှုအကြောင်းလည်း ပါဝင်ပါတယ်။ ဘာစီလိုနာရဲ့ ဘောလုံးဒါရိုက်တာ ဒေကိုက ၂၀၂၇ ခုနှစ် ဇွန် ၃၀ ရက်အထိ စာချုပ်သက်တမ်းရှိသေးတဲ့ မိမိတို့အသင်းရဲ့ ကစားသမားတစ်ဦးကို ခေါ်ယူဖို့ ကြိုးစားမယ်လို့ လူသိရှင် ကြားထုတ်ပြောထားတဲ့အပေါ် သက်ဆိုင်ရာ အချက်အလက်တွေ ရယူသွားမှာပါ။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ရှင်းလင်းချက်ရှာဖွေတာက ပြိုင်ပွဲရဲ့စည်းမျဉ်းတွေကို မှန်ကန်စွာ လိုက်နာစေဖို့ အထောက်အကူပြုပါလိမ့်မယ်။ ဒေကိုရဲ့ ပြောကြားမှုအပြီးမှာ ဘာစီလိုနာဥက္ကဋ္ဌ လာ ပေါ်တာက စည်းမျဉ်းတွေကိုလိုက်နာဖို့ လုပ်ဆောင်နေကြောင်း ဝန်ခံပြောကြားခဲ့ပါတယ်။ လာလီဂါရဲ့ ပူးပေါင်းဆောင်ရွက်မှုနဲ့ ရှင်းလင်း ချက်ပေးမှုအပေါ် ကျေးဇူးတင်ပါတယ်။ တစ်ချိန်တည်းမှာပဲ လာလီဂါကလပ်အားလုံး အတည်ပြုထားတဲ့ ဘဏ္ဍာရေးမျှတစွာ ယှဉ်ပြိုင်မှုစည်းမျဉ်းအရ မိမိတို့အနေနဲ့ ကိုယ့် အကျိုးစီးပွားကို ထိထိရောက်ရောက် ခုခံကာ ကွယ်သွားမှာပါ"လို့ ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။