
နာမည်ကျော် ပေါ်တူဂီဝါရင့်တိုက်စစ်မှူး စီရော်နယ်လ်ဒိုဟာ အယ်လ်နာဆာအသင်းနဲ့ (၂) နှစ်သက်တမ်းရှိ စာချုပ်သစ် ချုပ်ဆိုခဲ့တဲ့အတွက် ပေါင်သန်း (၅၀၀) ကျော် ရရှိမယ်လို့ သိရပါတယ်။
အဲဒီစာချုပ်မှာ အားကစားသမိုင်းမှာ တန်ဖိုးအမြင့်ဆုံးစာချုပ်အဖြစ် မှတ်တမ်းဝင်မှာဖြစ်ကြောင်း ဗြိတိန်အခြေစိုက် The Sun သတင်း ဌာနက ဖော်ပြခဲ့ပါတယ်။
The Sun ရဲ့ ဖော်ပြမှုအရ စီရော်နယ်လ်ဒိုဟာ အခြေခံလစာအဖြစ် တစ်ရက်လျှင် ပေါင် (၄၈၈၀၀၀) အထိ ရရှိမှာဖြစ်ပြီး လက်မှတ်ထိုးကြေး ပေါင် (၂၄.၅) သန်း (ဒုတိယနှစ်မှာ ပေါင် ၃၈ သန်းအထိ တိုးမယ်)၊ ပေါင် (၃၃) သန်းတန်ဖိုးရှိတဲ့ အယ်လ်နာဆာအသင်းရဲ့ ရှယ်ယာ (၁၅) ရာခိုင်နှုန်းပိုင်ဆိုင်ခွင့်၊ သီးသန့်လေယာဉ်အသုံးပြုမှုအတွက် ပေါင် (၄) သန်း၊ အချိန် ပြည့်ဝန်ထမ်း (၁၆) ဦးအတွက် ပေါင် (၁.၄) သန်း ထပ်မံရရှိမှာဖြစ်ပြီး စုစုပေါင်း ပေါင်သန်း (၅၀၀) ကျော် ရရှိမှာဖြစ်တယ်လို့ သိရပါတယ်။
ရော်နယ်လ်ဒိုဟာ အယ်လ်နာဆာအသင်းနဲ့ ပြည်တွင်းဖလားအောင်မြင်မှုရယူနိုင်ခြင်းမရှိသေးပေမဲ့၂၀၂၃ အာရပ်ကလပ်ချန်ပီယံများဖလား ဆွတ်ခူးရရှိထားပါတယ်။
ဒါ့ပြင် သူဟာ ၂၀၂၃-၂၀၂၄၊ ၂၀၂၄-၂၀၂၅ နှစ်ရာသီဆက်တိုက် ဆော်ဒီပရိုလိဂ်ပြိုင်ပွဲရဲ့ ရွှေဖိနပ်ဆုရရှိထားပြီး (၂) ရာသီခွဲအတွင်း ပြိုင်ပွဲစုံ (၁၁၁) ပွဲကစား၊ (၉၉) ဂိုး သွင်းယူပေးထားပါတယ်။
စီရော်နယ်လ်ဒိုဟာ ကစားသမားဘဝတစ်လျှောက် သွင်းဂိုး (၁၀၀၀) ပြည့်မြောက်ဖို့ ရည်မှန်းထား ပြီး လက်ရှိအချိန်အထိ စပို့တင်းလစ္စဘွန်း၊ မန်ယူ၊ ရီးယဲလ်၊ ဂျူဗင်တပ်စ်၊ အယ်လ်နာဆာ စတဲ့ ကလပ်အသင်းတွေအတွက် ဂိုး (၈၀၀) နဲ့ ပေါ်တူဂီအသင်းအတွက် (၁၃၈) ဂိုး၊ စုစုပေါင်း (၉၃၈) ဂိုး သွင်းယူထားပါတယ်။