
ဘရန့်ဖို့ဒ်အသင်းဟာ တိုက်စစ်မှူး အမ်ဘူမိုအတွက် မန်ယူနိုက်တက်အသင်းရဲ့ ဒုတိယအကြိမ် ကမ်းလှမ်းမှုကို ထပ်မံငြင်းဆန်ခဲ့ပါတယ်။
မန်ယူနိုက်တက်အသင်းဟာ ပေါင် ၆၂.၅ သန်းအထိ တိုးမြှင့်ကမ်းလှမ်းခဲ့တာဖြစ်တယ်။
မန်ယူနိုက်တက်အသင်းရဲ့ အခုတစ်ကြိမ်ကမ်းလှမ်းမှုဟာ ကနဦး ပေါင် ၅၅ သန်း+ add-ons ကြေး ပေါင် ၇.၅ သန်း ပမာဏရှိပါတယ်။
အခုလအစောပိုင်းကလည်း ပေါင် ၄၅ သန်း+ add-ons ကြေး ပေါင် ၁၀ သန်းနဲ့ ပထမအကြိမ်ကမ်းလှမ်းမှုက ငြင်းဆန်ခံခဲ့ရပါတယ်။
မန်ယူနိုက်တက်အသင်းဟာ ဝုလ်ဗ်အသင်းက ကူညာကို ခေါ်ယူပြီးဖြစ်ပေမဲ့ တိုက်စစ်ပိုင်းအားဖြည့်ဖို့ အမ်ဘူမိုကို ထပ်မံကြိုးပမ်းနေတာဖြစ်တယ်။
ဘရန့်ဖို့ဒ်အသင်းကတော့ ကူညာရဲ့ပြောင်းရွှေ့ကြေးအတိုင်း ပေါင် ၆၂.၅ သန်းကို တစ်လုံးတစ်ခဲတည်း ရရှိလိုတယ်လို့ သိရပါတယ်။
အမ်ဘူမို(၂၅ နှစ်)ဟာ ပြီးခဲ့တဲ့ရာသီ ပရီးမီးယားလိဂ်မှာ ဂိုး ၂၀ သွင်းပြီး ၉ ဂိုး ဖန်တီးပေးခဲ့ပါတယ်။