
ချင်းတိုင်းရင်းသား MMA ဖိုက်တာ ဂျိုရှုအာဗန်က ဆုံးရှုံးစရာရှိပါက မိမိထက် ဘရန်ဒန်ရွိုင်ဗယ်က ပိုဆုံးရှုံးလိမ့်မယ်ဆိုတာကို ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
ဂျိုရှုအာဗန်က "ဆုံးရှုံးစရာရှိရင် ကျွန်တော့်ထက် သူ(ဘရန်ဒန်ရွိုင်ဗယ်) က ပိုဆုံးရှုံးမှာပါ။ ဒီလိုပြောလို့ ကျွန်တော်က မဆုံးရှုံးဘူးလို့ ဆိုလိုတာ မဟုတ်ပါဘူး။ ကျွန်တော်လည်း ဆုံးရှုံးမှာပါပဲ" ဟု ပြောကြားခဲ့တာဖြစ်ပါတယ်။
ချင်းတိုင်းရင်းသား မြန်မာဖိုက်တာ ဂျိုရှုအာဗန်ဟာ UFC -317 ပြိုင်ပွဲရဲ့ ဖလိုင်းဝိတ်တန်းမှာ လက်ရှိအဆင့် (၁) သတ်မှတ်ခံထားရတဲ့ အမေရိကန်ဖိုက်တာ ဘရန်ဒန်ရွိုင်ဗယ်နဲ့ Main Card အတွင်း ယှဉ်ပြိုင်ထိုးသတ်သွားမှာဖြစ်ပါတယ်။
UFC -317 ပြိုင်ပွဲကို ဇွန် (၂၉) ရက် (တနင်္ဂနွေ မနက်ပိုင်း) အမေရိကန်နိုင်ငံ၊ လပ်ဗေးဂတ်စ်မြို့က T Mobile Arena ရုံမှာ ကျင်းပပြုလုပ်မှာဖြစ်ပါတယ်။
မူလက UFC-317 ပြိုင်ပွဲမှာ လက်ရှိ UFC ဖလိုင်းဝိတ်တန်းရဲ့ အဆင့် (၁) ဘရန်ဒန်ရွိုင်ဗယ်နဲ့ ထိုးသတ်မယ့်သူက အဆင့် (၆) ရှိ ပေါ်တူဂီဖိုက်တာ မာနယ်ကိပ်ဖြစ်ပါတယ်။
ဒါပေမဲ့ ပေါ်တူဂီဖိုက်တာ မာနယ်ကိပ်က ဒဏ်ရာကြောင့် UFC-317 ပွဲကို မယှဉ်ပြိုင်နိုင်တော့တာကြောင့် ချင်းတိုင်းရင်းသားဖိုက်တာ ဂျိုရှုအာဗန်က အစားထိုးဝင်ရောက်ထိုးသတ်မှာဖြစ်ပါတယ်။
ဘရန်ဒန်ရွိုင်ဗယ်ဟာ လက်ရှိ အသက် (၃၁) နှစ်ရှိပြီး ပရော်ရှင်နယ် MMA ကစားသမားဘဝ (၂၄) ပွဲ ထိုးသတ်ထားရာမှာ (၁၇) ပွဲနိုင်၊ (၇) ပွဲ ရှုံးထားပါတယ်။ UFC မှာဆိုရင် ဘရန်ဒန်ရွိုင်ဗယ်ဟာ (၁၀) ပွဲထိုး၊ (၇) ပွဲနိုင်၊ (၃) ပွဲရှုံးထားတဲ့ လက်ရှိ UFC ဖလိုင်းဝိတ်တန်းရဲ့ အဆင့် (၁) သတ်မှတ်ခံထားရတဲ့ ဖိုက်တာဖြစ်ပါတယ်။
ဂျိုရှုအာဗန်က ယခုလဆန်းပိုင်းကမှ UFC-316 ပြိုင်ပွဲမှာ ဘရာဇီးလ်ဖိုက်တာ ဘရူနိုဒါဆေးလ်ဗားကို အလဲထိုးနဲ့ အနိုင်ရထားသူဖြစ်ပါတယ်။
ဂျိုရှုအာဗန်က ပရော်ဖက်ရှင်နယ် MMA ကစားသမားဘဝ (၁၆) ပွဲထိုးသတ်ထားရာမှာ (၁၄) ပွဲနိုင်၊ (၂) ပွဲရှုံးထားပါတယ်။ UFC မှာဆိုရင်တော့ ဂျိုရှုအာဗန်က (၈) ပွဲထိုးသတ်ထားပြီး (၇) ပွဲနိုင်၊ (၁) ပွဲသာရှုံးနိမ့်ထားတဲ့ အသက် (၂၃) နှစ် လူငယ်ဖိုက်တာဖြစ်ပါတယ်။
ဂျိုရှုအာဗန်ဟာ UFC-317 ပြိုင်ပွဲမှာ ထိုးသတ်ခွင့်ရခဲ့တာကြောင့် ပြိုင်ပွဲနှစ်ပွဲဆက်တိုက် ထိုးသတ်ခွင့်ရတဲ့ UFC ရဲ့ ကြုံတော့ကြုံခဲ အခွင့်ထူးခံဖိုက်တာတစ်ဦး ဖြစ်ခွင့်ရရှိမှာဖြစ်ပါတယ်။