
ရီးယဲလ်မက်ဒရစ်တိုက်စစ်ကစားသမား ဗင်နီစီယပ်စ်ဟာ အသင်းကို စာချုပ်သစ်ချုပ်ဆိုဖို့ တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။
ဗင်နီစီယပ်စ်(၂၄ နှစ်)ရဲ့လက်ရှိစာချုပ်ဟာ ၂၀၂၇ ခုနှစ်မှာ သက်တမ်းကုန်ဆုံးမှာပါ။
၎င်းကတော့ ရီးယဲလ်အသင်းမှာ ကစားသမားဘဝတစ်လျှောက်လုံးရှိနေဖို့ မျှော်လင့်နေတာဖြစ်တယ်။
''ဒီမှာ နှစ်ပေါင်းများစွာရှိနေဖို့ ကျွန်တော် မျှော်လင့်ပါတယ်။ ဒီအသင်းက ကျွန်တော့်ဘဝရဲ့ကလပ်ပဲလို့ အမြဲပြောခဲ့ပါတယ်။ အသင်းနည်းပြ၊ နည်းပြအဖွဲ့ဝင်တွေနဲ့အတူ ကျွန်တော် အရမ်းပျော်ရွှင်နေပါတယ်။ ဒီမှာဆက်နေနိုင်ဖို့ ကျွန်တော် မျှော်လင့်ပါတယ်။ ကျွန်တော့်စာချုပ်က ၂၀၂၇ ခုနှစ်အထိဖြစ်လို့ နှစ်နှစ်ကျန်ပါသေးတယ်။ ကျွန်တော့်ကစားသမားဘဝတစ်ခုလုံး ဒီမှာနေပြီး အသင်းနဲ့အတူ သမိုင်းရေးထိုးချင်ပါတယ်''လို့ ဗင်နီစီယပ်စ်က Mundo Deportivo ကို ပြောခဲ့ပါတယ်။
ဗင်နီစီယပ်စ်ဟာ ပြီးခဲ့တဲ့အပြောင်းအရွှေ့ကာလတွေမှာ ဆော်ဒီကလပ်တွေနဲ့ သတင်းထွက်ခဲ့သူလည်းဖြစ်တယ်။
ဆော်ဒီကလပ်အသင်းတစ်သင်းက သူ့ကို ယူရို သန်း ၂၅၀ တန်ကမ်းလှမ်းမှု ရှိခဲ့တယ်လို့ သိရပါတယ်။