Eleven Media Group

■ မြန်မာအမျိုးသမီးအသင်းရဲ့ပွဲတွေကို Channel-7 ရုပ်သံက တိုက်ရိုက်ထုတ်လွှင့်ပြသမယ်

Photo: MFF

၂၀၂၆ အာရှဖလား အမျိုးသမီးခြေစစ်ပွဲ ဝင်ရောက်ယှဥ်ပြိုင်မယ့် မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းရဲ့ ပွဲတွေကို Free to Air လိုင်းဖြစ်တဲ့ Channel-7 ရုပ်သံကနေ တိုက်ရိုက်ထုတ်လွှင့်ပြသသွားမယ်လို့ သိရပါတယ်။

မြန်မာအမျိုးသမီးအသင်းဟာ ၂၀၂၆ အာရှဖလားခြေစစ်ပွဲမှာ ဘင်္ဂလားဒေ့ရှ်၊ ဘာရိန်း၊ တာ့ခ်မင်နစ္စတန်အသင်းတွေနဲ့အတူ အုပ်စုတွင်းကျရောက်နေပါတယ်။

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်(MFF) ဟာ မြန်မာအမျိုးသမီးအသင်းပါဝင်တဲ့ အုပ်စုပွဲတွေကို အိမ်ရှင်အဖြစ် ရန်ကုန်မြို့ သုဝဏ္ဏကွင်းမှာ လက်ခံကျင်းပမှာဖြစ်ပါတယ်။

မြန်မာအမျိုးသမီးအသင်းဟာ အုပ်စုပွဲတွေအဖြစ် ဇွန် (၂၉) ရက်(မနက်ဖြန်) ညနေ (၄) နာရီမှာ ပထမပွဲအဖြစ် တာ့ခ်မင်နစ္စတန်အသင်း၊ ဇူလိုင် (၂) ရက်၊ ညနေ (၄) နာရီမှာ ဘင်္ဂလားဒေ့ရှ်အသင်း၊ ဇူလိုင် (၅) ရက်၊ ညနေ (၄) နာရီမှာ ဘာရိန်းအသင်းတွေနဲ့ ယှဥ်ပြိုင်ကစားသွားမှာ ဖြစ်ပါတယ်။

အုပ်စုပထမရအသင်းတစ်သင်းတည်းသာ ခြေစစ်ပွဲအောင်မှာဖြစ်ပြီး သြစတြေးလျနိုင်ငံမှာ ကျင်းပမယ့် နောက်ဆုံးအဆင့်ပြိုင်ပွဲကို တက်ရောက်ခွင့်ရမှာဖြစ်ပါတယ်။

မြန်မာအမျိုးသမီးအသင်းဟာ အာရှဖလားအမျိုးသမီးပြိုင်ပွဲကို ၂၀၀၃၊ ၂၀၀၆၊ ၂၀၁၀၊ ၂၀၁၄၊ ၂၀၂၂ ခုနှစ်တို့မှာ ခြေစစ်ပွဲအောင်ပြီး နောက်ဆုံးအဆင့်ကို တက်ရောက်ကစားခွင့် ရရှိထားပါတယ်။

မူရင်းသတင်း — Eleven Media Group