
လီဗာပူးလ်အသင်းရဲ့ နည်းပြဟောင်း ယာဂန်ကလော့ပ်က ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကို တိုးချဲ့ခဲ့တာဟာ ဘောလုံးလောကရဲ့ အဆိုးရွားဆုံး စိတ်ကူးစိတ်သန်းဖြစ်တယ်လို့ ဝေဖန်ပြစ်တင်ခဲ့ပါတယ်။
ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကို ၂၀၂၃ ခုနှစ်အထိ ပြိုင်ပွဲဝင်အသင်း (၇)သင်းနဲ့ ကျင်းပခဲ့ပြီး ဒီနှစ်မှာမှ (၃၂)သင်းပါဝင်တဲ့ ပြိုင်ပွဲအဖြစ် တိုးချဲ့ခဲ့တာပါ။
ဒါကြောင့် ပြိုင်ပွဲကာလက တစ်လနီးပါး ကြာမြင့်သွားပြီး ပြိုင်ပွဲဝင်အသင်းက ကစားသမားတွေအနေနဲ့ နွေရာသီမှာ အနားယူချိန်တွေ အများကြီးလျော့ကျသွားပါတယ်။
'' ဒါဟာ အဓိပ္ပာယ်မရှိတဲ့ ပြိုင်ပွဲတစ်ခုပါ။ ဘယ်အသင်းပဲ ချန်ပီယံဖြစ်ဖြစ် အဆိုးရွားဆုံးချန်ပီယံပဲ ဖြစ်လာမှာပါ။ ဘာကြောင့်လဲဆိုတော့ နွေရာသီတစ်လျှောက်လုံး သူတို့ ယှဉ်ပြိုင်ကစားခဲ့ရပြီးတော့ လိဂ်ပြိုင်ပွဲကို ဆက်တိုက်ဆင်နွှဲရမှာကြောင့်ပါပဲ။ ဘောလုံးစီးပွားရေးမှာ ဒီလိုမျိုး နေ့စဉ်ရက်ဆက် ပါဝင်ပတ်သက်ရတာမျိုး မရှိခဲ့ဖူးပါဘူး'' လို့ ယာဂန်ကလော့ပ်က ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် ယာဂန်ကလော့ပ်က အခုလိုမျိုး ပွဲတွေအများကြီး ကစားခဲ့ရတာကြောင့် ကစားသမားတွေအနေနဲ့ လာမယ့်ရာသီမှာ ဒဏ်ရာပြဿနာနဲ့ ရင်ဆိုင်ရနိုင်တယ်လို့လည်း သုံးသပ်ခဲ့ပါတယ်။