
ချယ်လ်ဆီးအသင်းရဲ့နည်းပြ မာရက်စကာက ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပွဲရပ်နားမှုတွေ ရှိနေတာဟာ ရယ်စရာကောင်းတယ်လို့ ဝေဖန်ပြောကြားခဲ့ပါတယ်။
ချယ်လ်ဆီးအသင်းဟာ ဘင်ဖီကာအသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ (၁၆)သင်းအဆင့်ပွဲစဉ်မှာ ရာသီဥတုအခြေအနေကြောင့် ပွဲရပ်နားမှုနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။
ရာသီဥတုကြောင့် ပွဲရပ်နားခဲ့ရတဲ့ (၆)ပွဲမြောက်အဖြစ် မှတ်တမ်းဝင်ခဲ့သလို၊ (၂)နာရီကြာ ရပ်နားခဲ့ရတာကြောင့် ဒုတိယအကြာဆုံး ရပ်နားရတဲ့ပွဲအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်းလည်း သိရပါတယ်။
ပွဲရပ်နားပြီးတဲ့နောက် ပြန်ကစားချိန်မှာ ပွဲရဲ့အခြေအနေပြောင်းလဲသွားခဲ့တာကြောင့် မာရက်စကာက ဝေဖန်ခဲ့တာလည်း ဖြစ်ပါတယ်။
'' ပွဲရပ်နားပြီးတဲ့နောက်မှာ ပွဲက ပြောင်းလဲသွားပါတယ်။ ကျွန်တော့်ရဲ့ ပုဂ္ဂိုလ်ရေးအမြင်ကတော့ ဒီလို ရပ်နားတာဟာ ရယ်စရာ ဟာသတစ်ခုလိုပါပဲ။ သူတို့ ပွဲရပ်နားခဲ့တာ (၇)ပွဲ၊ (၈)ပွဲ၊ (၉)ပွဲရှိပါပြီ။ ဒါဟာ ဘောလုံးမဟုတ်ပါဘူး။ ကွင်းထဲမှာ အကြာကြီးမနေနိုင်ပါဘူး။ ကျေးဇူးပြုပြီး ကျွန်တော့်ကို နားလည်မှုမလွဲပါနဲ့။ ဒါဟာ စိတ်လှုပ်ရှားစရာကောင်းတဲ့ ပြိုင်ပွဲတစ်ခုလို့ ကျွန်တော် ပြောခဲ့ပါတယ်။ နောက်ဆုံး(၈)သင်းထဲ ရောက်လာလို့လည်း ပျော်ရွှင်ပါတယ်။ ကမ္ဘာ့ဖလားမှာ ပွဲဘယ်လောက် ရပ်နားရသလဲ။ ဇီးရိုးပါ။ ဥရောပမှာလည်း ဇီးရိုးပါပဲ။ ဒီမှာတော့ နှစ်ပတ်အတွင်း (၆)ပွဲ၊ (၇)ပွဲ ရပ်နားခဲ့ရပါတယ်။ ဒါဟာ ပြဿနာတချို့ ရှိနေပြီလို့ ထင်ပါတယ်'' လို့ မာရက်စကာက ပြောကြားခဲ့ပါတယ်။