Eleven Media Group

ကမ္ဘာ့အကောင်းဆုံး မက်ဆီနဲ့ ရင်ဆိုင်ရမှာကြောင့် အနားမယူနိုင်ဘူးလို့ အန်နရီကေး ဆို

Photo: X

PSG အသင်းရဲ့နည်းပြ လူးဝစ်အန်နရီကေးက ကလပ်ကမ္ဘာ့ဖလား (၁၆)သင်းအဆင့်မှာ ကမ္ဘာ့အကောင်းဆုံး မက်ဆီ ဦးဆောင်တဲ့ အင်တာမိုင်ယာမီအသင်းနဲ့ ရင်ဆိုင်ရမှာကြောင့် အနားမယူနိုင်ဘူးလို့ ပြောကြားခဲ့ပါတယ်။
PSG အသင်းက ချန်ပီယံလိဂ်ဖလား ရရှိထားတဲ့အသင်း ဖြစ်တာကြောင့် ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ ရေပန်းအစားဆုံးအသင်းတစ်သင်းအဖြစ် ရပ်တည်နေသလို၊ အင်တာမိုင်ယာမီနဲ့ပွဲမှာလည်း နောက်တစ်ဆင့်တက်ဖို့ အလားအလာပိုကောင်းတဲ့အသင်းအဖြစ် သတ်မှတ်ခံထားရပါတယ်။
ဒါပေမဲ့ အန်နရီကေးက အင်တာမိုင်ယာမီအသင်းမှာ မက်ဆီအပါအဝင် ဘာစီလိုနာကြယ်ပွင့်ဟောင်းတွေ ရှိနေတာကြောင့် ခက်ခဲနိုင်တယ်လို့လည်း သုံးသပ်ထားပါတယ်။
'' ပြိုင်ဘက်ရဲ့ အရည်အသွေးနဲ့ အဆင့်အတန်းကို သိရင် (၁၀)စက္ကန့်တောင် အနားယူနိုင်မှာမဟုတ်ပါဘူး။ သူတို့က ရှုံးပွဲလည်း မရှိသေးပါဘူး။ ကျွန်တော် အင်တာမိုင်ယာမီအသင်းရဲ့ အုပ်စု(၃)ပွဲစလုံးကိုရော အရင်ကပွဲတချို့ကိုပါ ကြည့်ခဲ့ပါတယ်။ သူတို့မှာ အရည်အသွေးရှိပါတယ်။ သူတို့ကို ဖိအားပေးပြီး မကစားနိုင်ရင် အခက်တွေ့ နိုင်ပါတယ်။ သူတို့ဆီ ဘောလုံးမရောက်အောင် မလုပ်နိုင်ရင် အခြေအနေမကောင်းနိုင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ဘူးစကွက်စ်က အရင်အတိုင်း ရှိနေဆဲဖြစ်ပြီး လီယိုမက်ဆီက တုနှိုင်းမဲ့ပါ။ ဆွာရက်ဇ်ကတော့ သူ သွင်းခဲ့တဲ့ နောက်ဆုံးဂိုးကို ခင်ဗျားမြင်မှာပါ။ ယော်ဒီအယ်လ်ဘာကလည်း အရင်အတိုင်းပါပဲ။ သူတို့မှာ မာရှေရာနိုလို နည်းပြလည်း ရှိနေပါတယ်'' လို့ အန်နရီကေးက ပြောကြားခဲ့ပါတယ်။

မူရင်းသတင်း — Eleven Media Group