
ခရစ္စတယ်ပဲလေ့စ်အသင်းရဲ့ ပူးတွဲပိုင်ရှင်ဟောင်းဖြစ်တဲ့ ဂျွန်တက်စ်တာက ဗြိတိန်က ကလပ်အသင်းတစ်သင်းကို ဝယ်ယူဖို့ စီစဉ်နေတယ်လို့ အတည်ပြုပြောကြားခဲ့ပါတယ်။
အမေရိကန်လုပ်ငန်းရှင်တစ်ဦးဖြစ်တဲ့ ဂျွန်တက်စ်တာဟာ Eagle Football Group ကို ဦးဆောင်နေသူလည်းဖြစ်ပြီး လိုင်ယွန်၊ ဘိုတာဖိုဂိုနဲ့ ဘယ်လ်ဂျီယံကလပ် မိုလန်ဘိခ်အသင်းတွေကို ပိုင်ဆိုင်ထားပါတယ်။
ခရစ္စတယ်ပဲလေ့စ်အသင်း ယူရိုပါလိဂ်ယှဉ်ပြိုင်ခွင့်ရရှိစေဖို့ သူ့ရဲ့ ရှယ်ယာတွေကို ရောင်းထုတ်ခဲ့ရတာကြောင့် ဗြိတိန်က ကလပ်အသင်းတစ်သင်းကို ပြန်လည်ဝယ်ယူဖို့ စီစဉ်နေခြင်းဖြစ်ကြောင်းလည်း သိရသည်။
ဒါ့အပြင် လိုင်ယွန်အသင်းကလည်း ဘဏ္ဍာရေးပြဿနာနဲ့ ပြင်သစ်လိဂ်ကနေ တန်းဆင်းခဲ့ရပြီး ပရိသတ်တွေရဲ့ ဆန့်ကျင်မှုနဲ့ ရင်ဆိုင်နေရတာကြောင့် ဂျွန်တက်စ်တာက လိုင်ယွန်အသင်းကို စွန့်ခွာဖို့ စီစဉ်နေကြောင်းလည်း သိရပါတယ်။
'' ကျွန်တော်တို့ ဗြိတိန်မှာ ရင်းနှီးမြှုပ်နှံမှုပြုလုပ်ဖို့ လေ့လာမှုတွေ ပြုလုပ်နေပါတယ်။ ဒီနေရာမှာ ကျွန်တော်တို့ ကောင်းမွန်တဲ့ အလုပ်တစ်ခုကိုလည်း လုပ်ဆောင်နိုင်ခဲ့ပြီးပါပြီ'' လို့ ဂျွန်တက်စ်တာက ပြောကြားခဲ့ပါတယ်။
ဂျွန်တက်စ်တာက လောလောဆယ် ဘရာဇီးလ်ကလပ် ဘိုတာဖိုဂိုအသင်းကို ပိုအာရုံစိုက်သွားမယ်လို့လည်း ဆိုခဲ့ပါတယ်။