
မိုနာကိုအသင်းက ဘာစီလိုနာတိုက်စစ်ကစားသမား အန်ဆူဖာတီကို ခေါ်ယူနိုင်ကြောင်း အင်္ဂါနေ့မှာ ကြေညာမယ်လို့ နာမည်ကျော် ဂျာနယ်လစ် ဖာဘရီဇီယိုရိုမာနိုက ဖော်ပြခဲ့ပါတယ်။
စပိန်ကစားသမား အန်ဆူဖာတီ(၂၂ နှစ်)ဟာ ဘာစီလိုနာအသင်းမှာ တောက်ပလာမယ့်သူအဖြစ် ထင်ကြေးပေးခံခဲ့ရပေမဲ့ အခုနောက်ပိုင်း ဒဏ်ရာပြဿနာတွေနဲ့အတူ အသင်းမှာနေရာပျောက်ခဲ့ပြီး ပြီးခဲ့တဲ့ရာသီကလည်း ဘရိုက်တန်အသင်းကို အငှားချခံခဲ့ရပါတယ်။
အခု မိုနာကိုအသင်းက အန်ဆူဖာတီကို တစ်ရာသီ အငှားခေါ်ယူဖို့ သဘောတူညီမှုရရှိခဲ့တာဖြစ်သလို၊ နောက်နှစ်နွေရာသီမှာ အပြီးသတ်ခေါ်ယူနိုင်မယ့် သဘောတူညီချက်လည်း ပါဝင်မယ်လို့ သိရပါတယ်။
အငှားချထားစဉ်ကာလအတွင်း ဘာစီလိုနာအသင်းက လစာတစ်ဝက် ပေးချေသွား မှာဖြစ်ပြီး မိုနာကိုအသင်းအနေနဲ့ အပြီးသတ်ခေါ်ယူပြီးလို့ တခြားအသင်းဆီ ရောင်းထုတ်မယ်ဆိုရင်တော့ ဘာစီလိုနာအသင်းကို ရာခိုင်နှုန်းနဲ့ ပေးချေသွားရမယ်လို့ သိရပါတယ်။
အန်ဆူဖာတီဟာ ဘာစီလိုနာအသင်းမှာ ကျောနံပါတ်(၁၀) ဝတ်ဆင်နေသူဖြစ်တာကြောင့် သူ ပြောင်းရွှေ့သွားရင် ယမားလ်က အဲဒီနံပါတ်ကို ပြောင်းလဲဝတ်ဆင်သွားမယ်လို့လည်း သိရပါတယ်။
ဘာစီလိုနာမှာ ယမားလ် ကျောနံပါတ်(၁၀)ပြောင်းလဲဝတ်ဆင်မယ်ဆိုတာကိုလည်း အင်္ဂါနေ့မှာပဲ အတည်ပြုကြေညာဖွယ်ရှိကြောင်း သိရပါတယ်။