Eleven Media Group

ကလပ်ကမ္ဘာ့ဖလားမှာ ချန်ပီယံဖြစ်ရင် မန်စီးတီး ပေါင်သန်း(၉၀)ကျော် ရရှိမယ်

Photo: Getty Images

မန်စီးတီးအသင်းဟာ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ချန်ပီယံဆုရယူနိုင်ခဲ့ရင် စုစုပေါင်းဆုကြေး ပေါင်သန်း(၉၀)ကျော် ရရှိမယ်လို့ သိရပါတယ်။
ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ရှုံးထွက်အဆင့်အလိုက် ဆုကြေးရရှိမှုက ညီတူမျှတူဖြစ်ပေမဲ့ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိမှုအတွက် ပေးချေတဲ့နှုန်းထားကတော့ မတူညီပါဘူး။
ဥရောပကလပ်အသင်းတွေက ယှဉ်ပြိုင်ကြေး ပိုမိုရရှိပြီး အဲဒီထဲမှာမှ မန်စီးတီးအသင်းက အများဆုံးအဖြစ် ပေါင်(၂၇.၉)သန်းအထိ ရရှိတယ်လို့ သိရပါတယ်။
တောင်အမေရိကအသင်းတွေက ယှဉ်ပြိုင်ကြေး ပေါင်(၁၁)သန်းရရှိပြီး မြောက်အမေရိက၊ အာဖရိက၊ အာရှနဲ့ သမုဒ္ဒရာပိုင်းအသင်းတွေကတော့ ပေါင်(၇)သန်းအောက်သာ ရရှိတယ်လို့ သိရပါတယ်။
အုပ်စုအဆင့်မှာ နိုင်ပွဲတစ်ပွဲကို ပေါင်(၁.၅)သန်းနီးပါးပေးအပ်ပြီး သရေကျရင် ပေါင်(၇၅၀၀၀၀)ပေးအပ်တာကြောင့် ရာနှုန်းပြည့်နိုင်ပွဲရရှိခဲ့တဲ့ မန်စီးတီးအသင်းက လက်ရှိအချိန်မှာ ပေါင်(၃၇.၈)သန်း ရရှိထားပြီလို့ သိရပါတယ်။
အဆင့်အလိုက် ဆုကြေးတွေကတော့ (၁၆)သင်းအဆင့်ရောက်ရင် (၅.၅)သန်း၊ ကွာတားဖိုင်နယ်ရောက်ရင် (၉.၆)သန်း၊ ဆီမီးဖိုင်နယ်ရောက်ရင် (၁၅.၃)သန်း၊ ဗိုလ်လုပွဲမှာ ရှုံးနိမ့်ရင် (၂၁.၉)သန်း၊ ချန်ပီယံဆုရရှိရင် (၂၉.၂)သန်း ရရှိမှာပါ။
ဒါကြောင့် မန်စီးတီးအသင်းက ချန်ပီယံဆုရရှိခဲ့ရင် ပေါင်(၉၂)သန်းနီးပါး ရရှိမှာဖြစ်လို့ ပြိုင်ပွဲမတိုင်ခင် ခေါ်ယူထားတဲ့ ကစားသမားသစ်တွေအတွက် အပြောင်းအရွှေ့အသုံးစရိတ် ကြေသလောက်ဖြစ်သွားမယ်လို့ BBC က ဖော်ပြခဲ့ပါတယ်။

မူရင်းသတင်း — Eleven Media Group