
အဲဗာတန်အသင်းရဲ့ ၀ါရင့်တိုက်စစ်မှူး ကယ်လ်ဗတ်လူဝင်က ဒီနွေရာသီမှာ အသင်းက ထွက်ခွာတော့မယ်လို့ အတည်ပြုကြေညာခဲ့ပါတယ်။
အင်္ဂလန်တိုက်စစ်မှူး ကယ်လ်ဗတ်လူဝင် (၂၈ နှစ်)ဟာ ဇွန်(၃၀)မှာ အသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးတော့မှာဖြစ်ပြီး သက်တမ်းမတိုးတော့ဘဲ လမ်းခွဲဖို့ ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။
'' အမှတ်ရစရာ (၉)နှစ်တာကို ဖြတ်သန်းခဲ့ပြီးတဲ့နောက် ကျွန်တော့်ရဲ့ ကစားသမားဘဝမှာ စာမျက်နှာသစ် စတင်ဖို့အတွက် မိသားစုနဲ့အတူ ခက်ခဲတဲ့ ဆုံးဖြတ်ချက်ကို ချမှတ်ခဲ့တာပါ'' လို့ ကယ်လ်ဗတ်လူဝင်က Instagram ကတစ်ဆင့် ပြောကြားခဲ့ပါတယ်။
ကယ်လ်ဗတ်လူဝင်က ၂၀၁၆ ခုနှစ်ကတည်းက အဲဗာတန်အသင်းကို ရောက်ရှိခဲ့သူဖြစ်ပြီး ပြိုင်ပွဲစုံ (၂၇၄)ပွဲကစားကာ (၇၁)ဂိုး သွင်းယူပေးခဲ့ပါတယ်။
ပရီးမီးယားလိဂ်ရဲ့ တန်းတက်ကလပ် (၃)သင်းက ကယ်လ်ဗတ်လူဝင်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။