Eleven Media Group

ချယ်လ်ဆီး-ဘင်ဖီကာပွဲ ကြည့်ခဲ့တဲ့ပရိသတ်တွေကို အင်တာမီလန်-ဖလူမင်နိစ်ပွဲလက်မှတ် (၄)စောင်စီ အခမဲ့ပေး

Photo: FIFA

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)က ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ (၁၆)သင်းအဆင့်မှာ ချယ်လ်ဆီး-ဘင်ဖီကာပွဲ ကြည့်ခဲ့တဲ့ ပရိသတ်တွေကို အင်တာမီလန်-ဖလူမင်နိစ်ပွဲလက်မှတ် (၄)စောင်စီ အခမဲ့ပေးမယ်လို့ email ကတစ်ဆင့် ဆက်သွယ်အကြောင်းကြားခဲ့ကြောင်း သိရပါတယ်။
ချယ်လ်ဆီး-ဘင်ဖီကာပွဲမှာ ရာသီဥတုအခြေအနေကြောင့် ပွဲကို နှစ်နာရီနီးပါး ရပ်နားခဲ့ရပြီး ပရိသတ်တွေ ဒုက္ခရောက်ခဲ့ရတဲ့အတွက် ဖီဖာက အခုလို စီစဉ်ခြင်းဖြစ်တယ်လို့ သိရပါတယ်။
ဒါ့အပြင် အဲဒီပွဲမှာတုန်းက ပရိသတ် (၇၄၈၆၇)ဦး ဆံ့တဲ့ Bank of America ကွင်းထဲ လာရောက်ကြည့်ရှုတဲ့ပရိသတ် (၂၅၉၂၉)ဦးသာ ရှိခဲ့တာကြောင့် အဲဒီကွင်းမှာပဲ ယှဉ်ပြိုင်ရမယ့် အင်တာမီလန်-ဖလူမင်နိစ်ကွင်းမှာ နေရာလွတ်တွေ မများပြားစေဖို့ အခုလို လက်မှတ်အခမဲ့ပေးခြင်းဖြစ်တယ်လို့လည်း ဗြိတိန်မီဒီယာတွေက သုံးသပ်ခဲ့ပါတယ်။
ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ တချို့ပွဲတွေမှာ လာရောက်ကြည့်ရှုတဲ့ ပရိသတ် ထောင်ဂဏန်းသာရှိတဲ့ အခြေအနေမျိုးလည်း ရှိခဲ့ပြီး အဲဒီလိုပွဲတွေမှာ ဖီဖာက ရုပ်သံမြင်ကွင်းထဲ နေရာလွတ်တွေ များပြားမနေစေဖို့အတွက် ပရိသတ်တွေကို နေရာ ရွှေ့ပြောင်းပြီး စုစည်းကြည့်ရှုစေခဲ့တယ်လို့လည်း သိရပါတယ်။
လက်ရှိအချိန်အထိ တစ်ပွဲပျမ်းမျှ ကြည့်ရှုမှုနှုန်းကတော့ (၃၅၆၆၃)ဦးနှုန်း ရှိတယ်လို့ သိရပါတယ်။

မူရင်းသတင်း — Eleven Media Group