Eleven Media Group

ကလပ်ကမ္ဘာ့ဖလားမှာ ပုံရိပ်ကောင်းတစ်ခု ချန်ထားနိုင်ခဲ့တယ်လို့ မက်ဆီ ပြောကြား

Photo: Getty Images

အင်တာမိုင်ယာမီအသင်းခေါင်းဆောင် မက်ဆီက ကလပ်ကမ္ဘာ့ဖလား(၁၆)သင်းအဆင့်မှာ PSG အသင်းကို (၀-၄)ဂိုးနဲ့ ရှုံးနိမ့်ပြီး ပြိုင်ပွဲက ထွက်ခွာခဲ့ရပေမဲ့ ပုံရိပ်ကောင်းတစ်ခု ချန်ထားနိုင်ခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။
အင်တာမိုင်ယာမီအသင်းဟာ အုပ်စုအဆင့်မှာ (၁)ပွဲနိုင်၊ (၂)ပွဲသရေ ရှုံးပွဲမရှိရလဒ်နဲ့ ရှုံးထွက်အဆင့်ကို တက်ရောက်နိုင်ခဲ့တာပါ။
PSG နဲ့ပွဲအပြီးမှာ မက်ဆီက ''သူတို့က အင်အားကြီးအသင်းတစ်သင်းပါ။ အမြင်သာဆုံးကတော့ သူတို့ဟာ နောက်ဆုံးကျင်းပခဲ့တဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ ချန်ပီယံဖြစ်တာပါပဲ။ ဒါကြောင့် အရမ်းကောင်းပါတယ်။ ပွဲက ကျွန်တော်တို့ မျှော်လင့်ထားတဲ့အတိုင်းပါပဲ။ ကျွန်တော်တို့ တတ်နိုင်သမျှ အကောင်းဆုံးဖြစ်အောင် ကြိုးစားခဲ့ပြီး ကလပ်ကမ္ဘာ့ဖလားအဆင့်မှာ ပုံရိပ်ကောင်းတစ်ခု ချန်ထားနိုင်ခဲ့ပါတယ်'' လို့ ပြောကြားခဲ့ပါတယ်။
အင်တာမိုင်ယာမီအသင်းဟာ အုပ်စုနောက်ဆုံးပွဲမှာ ပါးလ်မီးရပ်စ်ကို အနိုင်ရခဲ့ရင် (၁၆)သင်းအဆင့်မှာ PSG ကို ရှောင်လွှဲနိုင်မှာဖြစ်ပေမဲ့ အဲဒီလို မဖြစ်ခဲ့ခြင်းအတွက် စိတ်မပျက်ဘူးလို့လည်း မက်ဆီက ပြောကြားခဲ့ပါတယ်။
အင်တာမိုင်ယာမီအသင်းရဲ့ နောက်ခံလူ ယော်ဒီအယ်လ်ဘာကလည်း အုပ်စုတွင်းမှာ အလွန်တောင့်တင်းတဲ့ပြိုင်ဘက်တွေနဲ့ ရင်ဆိုင်ခဲ့ရပေမဲ့ အားလုံးထက် ပိုကောင်းအောင် စွမ်းဆောင်ပြနိုင်ခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

မူရင်းသတင်း — Eleven Media Group