Eleven Media Group

ယိုကယ်ရက်စ်ရဲ့ အပြောင်းအရွှေ့မဖြစ်မြောက်ခဲ့ရင် အေးဂျင့်ရဲ့ ညံ့ဖျင်းမှုကြောင့်သာဖြစ်မယ်လို့ စပို့တင်းလစ္စဘွန်းဥက္ကဋ္ဌ ဆို

Photo: Getty Images

စပို့တင်းလစ္စဘွန်းအသင်းရဲ့ ဥက္ကဋ္ဌ ဗာရန်ဒက်စ်က တိုက်စစ်မှူး ယိုကယ်ရက်စ်ရဲ့ အပြောင်းအရွှေ့ မဖြစ်မြောက်ခဲ့ရင် အေးဂျင့်ရဲ့ ညံ့ဖျင်းမှုကြောင့်သာ ဖြစ်လိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။
ဆွီဒင်တိုက်စစ်မှူး ယိုကယ်ရက်စ်(၂၇ နှစ်)ဟာ စပို့တင်းလစ္စဘွန်းအသင်းမှာ နှစ်ရာသီအတွင်း (၁၀၂)ပွဲကစားပြီး (၉၇)ဂိုး သွင်းယူထားတာကြောင့် ထိပ်သီးအသင်းတွေက မျက်စိကျနေကြပါတယ်။
လက်ရှိအချိန်မှာ ပရီးမီးယားလိဂ်ထိပ်သီးနှစ်သင်းဖြစ်တဲ့ အာဆင်နယ်နဲ့ မန်ယူတို့ အပြိုင်ကြိုးပမ်းနေတယ်လို့ သတင်းထွက်နေပြီး စပို့တင်းလစ္စဘွန်းအသင်းက ယိုကယ်ရက်စ်ကို ယူရိုသန်း(၁၀၀)တန် လျော်ကြေးစာချုပ် ချုပ်ဆိုထားပါတယ်။
ဒါပေမဲ့ အဲဒီပမာဏထက် နည်းပါးတဲ့ ပြောင်းရွှေ့ ကြေးနဲ့ ထွက်ခွာခွင့်ပြုရမယ်လို့ ယိုကယ်ရက်စ်နဲ့ ဗာရန်ဒက်စ်တို့ သဘောတူညီမှု ရယူထားတယ်လို့လည်း သိရပါတယ်။
ဒါပေမဲ့ ဗာရန်ဒက်စ်က ယူရိုသန်း(၈၀) ဝန်းကျင်နဲ့ ရောင်းမထုတ်နိုင်ဘူးလို့ ဆိုထားတာကြောင့် အပြောင်းအရွှေ့ဖြစ်မြောက်ဖို့ အခက်တွေ့နေတာပါ။
''ကျွန်တော်တို့ စျေးကွက်ကို ကြည့်တဲ့အခါ ဗစ်တာထက် (၆)လပဲငယ်တဲ့ ဇူဘီမန်ဒီက ယူရို(၆၅)သန်းနဲ့ ထွက်ခွာမှာပါ။ ကျွန်တော့်အမြင်မှာ ဗစ်တာလောက် စျေးကွက်တန်ဖိုးနဲ့ အရည်အသွေးမရှိတဲ့ ကူညာနဲ့ အမ်ဘူမိုတို့ကို ယူရို(၇၅)သန်းဝန်းကျင်နဲ့ ဆွေးနွေးခဲ့ရပါတယ်။ ဒါကြောင့် ကျွန်တော်တို့ တောင်းဆိုတာက မျှတပါတယ်။ ဗစ်တာ ထွက်ခွာနိုင်လိမ့်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။ အဲဒီလို ဖြစ်မလာရင်တော့ သူ့မှာ ကမ္ဘာ့အညံ့ဆုံးအေးဂျင့် ရှိနေလို့ပါပဲ'' လို့ ဗာရန်ဒက်စ်က ပြောကြားခဲ့ပါတယ်။

မူရင်းသတင်း — Eleven Media Group