
မန်စီးတီးနည်းပြ ဂွါဒီယိုလာက လက်ရှိယှဉ်ပြိုင်နေတဲ့ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲဟာ အသင်းရဲ့ လာမယ့်ရာသီကို ဖျက်ဆီးနိုင်ပေမဲ့ ယှဉ်ပြိုင်ခွင့်မရတဲ့ အသင်းတွေကတော့ မနာလိုဖြစ်နေနိုင်တယ်လို့ ပြောကြားခဲ့ပါတယ်။
ဒီနှစ် ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကို ပရီးမီးယားလိဂ်အသင်းတွေထဲက မန်စီးတီးနဲ့ ချယ်လ်ဆီး နှစ်သင်းသာ ယှဉ်ပြိုင်ခွင့်ရခဲ့ပြီး လက်ရှိအချိန်မှာ ချယ်လ်ဆီးက ကွာတားဖိုင်နယ်တက်ရောက်ထားပါပြီ။
မန်စီးတီးကတော့ အင်္ဂါမနက်မှာ အယ်လ်ဟီလာအသင်းနဲ့ (၁၆)သင်းအဆင့်ပွဲစဉ် ယှဉ်ပြိုင်ကစားရမှာဖြစ်ပြီး ပွဲစဉ်လမ်းကြောင်းအရ အင်္ဂလန်နှစ်သင်းက ဆီမီးဖိုင်နယ်မှာ ဆုံတွေ့ရနိုင်ခြေ ရှိနေပါတယ်။
ဂွါဒီယိုလာက ဒီပြိုင်ပွဲကြောင့် ကစားသမားတွေအနေနဲ့ နွေရာသီမှာ အနားယူချိန် နည်းပါးခဲ့တဲ့အတွက် လာမယ့်ရာသီကို ဖျက်ဆီးနိုင်တာမှန်ပေမဲ့ တခြားအသင်းတွေလည်း ယှဉ်ပြိုင်ချင်ကြတယ်လို့ သုံးသပ်ခဲ့ပါတယ်။
'' ဗိုလ်လုပွဲပြီးရင် ဘာတွေဖြစ်မလဲ ကြည့်ကြရအောင်။ ကျွန်တော်တို့ ပရီးမီးယားလိဂ်က ခွင့်ပြုပေးထားတဲ့အတိုင်း အနားယူနိုင်ပါတယ်။ နိုဝင်ဘာ၊ ဒီဇင်ဘာ ဒါမှမဟုတ် ဇန်နဝါရီမှာတော့ ဒီပြိုင်ပွဲက ကျွန်တော်တို့ကို ဒုက္ခပေးနိုင်ပါတယ်။ ဒီပြိုင်ပွဲကို စောဒကတက်နေကြတဲ့ အသင်းတွေ အများကြီးရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့ ဒီမှာ မရှိလို့ပါ။ အခြားတစ်ဖက်က ကြည့်ရင် ဒါဟာ သူတို့ ဒီမှာ ရှိချင်တယ်ဆိုတဲ့သဘောပါပဲ'' လို့ ဂွါဒီယိုလာက ပြောကြားခဲ့ပါတယ်။