
ချင်းတိုင်းရင်းသား MMA ဖိုက်တာ ဂျိုရှုအာဗန်က UFC ဖလိုင်းဝိတ်တန်းရဲ့ လက်ရှိချန်ပီယံ ပန်တိုဂျာမှာ ခမ်းနားကြီးကျယ်တဲ့ ချန်ပီယံတစ်ဦးဆိုသော်လည်း မိမိနဲ့ မထိုးရသေးကြောင်း ပြောကြားခဲ့ပါတယ်။
ဂျိုရှုအာဗန်က "သူ (ပန်တိုဂျာ) က ခမ်းနားကြီးကျယ်တဲ့ ချန်ပီယံတစ်ယောက်ပါ။ ဒါပေမဲ့ သူ ကျွန်တော်နဲ့ မထိုးရသေးပါဘူး" ဟု ပြောကြားခဲ့တာဖြစ်ပါတယ်။
ဘရာဇီးလ်ဖိုက်တာ ပန်တိုဂျာကလည်း ဂျိုရှူအာဗန်ရဲ့စကားကို တုံ့ပြန်တဲ့အနေနဲ့ "သူ (ဂျိုရှူအာဗန်) က နိမ့်ချတတ်တဲ့သူပါ။ သူနဲ့ ကျွန်တော် အမှန်တကယ် ထိုးသတ်ချင်ပါတယ်" ဟု ပြန်လည်ပြောကြားခဲ့ပါတယ်။
UFC ဖလိုင်းဝိတ်တန်းရဲ့ လက်ရှိချန်ပီယံ ဘရာဇီးလ်ဖိုက်တာ ပန်တိုဂျာဟာ ပရော်ဖက်ရှင်နယ် MMA ကစားသမားဘဝ (၃၅) ပွဲ ထိုးသတ်ထားရာမှာ ပွဲ (၃၀) အနိုင်ရထားပြီး (၅) ပွဲ ရှုံးနိမ့်ထားပါတယ်။
ချင်းတိုင်းရင်းသား မြန်မာဖိုက်တာ ဂျိုရှုအာဗန်ဟာ ဇွန် (၂၉) ရက်က ကျင်းပခဲ့တဲ့ UFC -317 ပြိုင်ပွဲ ဖလိုင်းဝိတ်တန်းမှာ လက်ရှိအဆင့် (၁) သတ်မှတ်ခံထားရတဲ့ အမေရိကန်ဖိုက်တာ ဘရန်ဒန်ရိုင်ဗယ်နဲ့ ယှဥ်ပြိုင်ထိုးသတ်ခဲ့ပြီး အမှတ်နဲ့ အနိုင်ရခဲ့ပါတယ်။
ဒါကြောင့်ပဲ ဂျိုရှူအာဗန်ဟာ.ချန်ပီယံစိန်ခေါ်ခွင့်ရခဲ့ပြီး ယခုနှစ်အတွင်း UFC ဖလိုင်းဝိတ်တန်းရဲ့ လက်ရှိချန်ပီယံ ပန်တိုဂျာနဲ့ ယှဥ်ပြိုင်ထိုးသတ်ရမှာ ဖြစ်ပါတယ်။
ဂျိုရှူအာဗန်က ပရော်ဖက်ရှင်နယ် MMA ကစားသမားဘဝ (၁၇) ပွဲထိုးသတ်ထားရာမှာ (၁၅) ပွဲနိုင်၊ (၂) ပွဲရှုံးထားပါတယ်။
UFC မှာဆိုရင်တော့ ဂျိုရှူအာဗန်က (၉) ပွဲထိုးသတ်ထားပြီး (၈) ပွဲနိုင်၊ (၁) ပွဲသာရှုံးနိမ့်ထားတဲ့ အသက် (၂၃) နှစ်အရွယ် လူငယ်ဖိုက်တာဖြစ်ပါတယ်။