
နွေရာသီအပြောင်းအရွှေ့စျေးကွက်အတွင်း သွက်လက်စွာလှုပ်ရှားနေတဲ့ ချယ်လ်ဆီးအသင်းဟာ ပရီးမီးယားလိဂ် ပြိုင်ဘက် ဘရိုက်တန်အသင်းတိုက်စစ်မှူး ဂျော်အိုပတ်ဒရိုကို ပေါင်သန်း ၆ဝနဲ့ ခေါ်ယူရန် သဘောတူညီမှုရရှိခဲ့ပြီဖြစ်ပြီး ခုနစ်နှစ်စာချုပ်
ချုပ်ဆိုမှာဖြစ်ပါတယ်။
အသက် ၂၃ နှစ်အရွယ် ဘရာဇီးလက်ရွေးစင်ကစားသမား ပတ်ဒရိုကို နယူးကာဆယ်အသင်းကလည်း အပြိုင်ကြိုးပမ်းခဲ့ပြီး ကစားသမားကိုယ်တိုင်က ချယ်လ်ဆီးအသင်းကို ပြောင်းရွှေ့ဖို့ ရွေးချယ်ခဲ့ပါတယ်။
အစောပိုင်းမှာ ဘရိုက်တန်အသင်းက ပရီးမီးယားလိဂ်ကလပ်နှစ်သင်းရဲ့ ကမ်းလှမ်းမှု နှစ်ခုကို ပယ်ချခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။
ဒါပေမဲ့ ချယ်လ်ဆီးအသင်းက ကနဦးပြောင်းရွှေ့ကြေး ပေါင် ၅၅ သန်း၊ Add-ons ပေါင် ငါးသန်း၊ စုစုပေါင်း ပေါင်သန်း ၆၀ နဲ့ကမ်းလှမ်းရာ သဘောတူညီမှု ရရှိခဲ့ပါတယ်။
ပတ်ဒရိုဟာ ချယ်လ်ဆီးအသင်းနဲ့ ၂၀၃၂ ခုနှစ်အထိ သက်တမ်းရှိတဲ့ ကာလရှည် ခုနစ်နှစ်စာချုပ် ချုပ်ဆိုမှာဖြစ်ပြီး ဇွန် ၃၀ ရက်မှာ ဘရာဇီးနိုင်ငံက ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ ကျင်းပနေတဲ့ အမေရိကန်နိုင်ငံကို သွားရောက်ကာ ဆေးစစ်မှုခံယူမှာဖြစ်ပါတယ်။
ဒါကြောင့် ၎င်းအနေနဲ့ ဇူလိုင် ၄ ရက်မှာ ပါလ်မီးရပ်စ်အသင်းနဲ့ ချယ်လ်ဆီးအသင်းတို့ ယှဉ်ပြိုင်ကစားမယ့် ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ ကွာတားဖိုင်နယ်ပွဲစဉ်မှာ အထူးခွင့်ပြုချက်နဲ့ ပါဝင်နိုင်ဖွယ်ရှိတယ်လို့ ခန့်မှန်းထားပါတယ်။
ပတ်ဒရိုဟာ ဘရိုက်တန်အသင်းမှာ နှစ်ရာသီအတွင်း ပွဲ ၇၀ ကစား၊ ဂိုး ၃၀ သွင်းယူကာ ဂိုးဖန်တီးမှု ၁၀ ကြိမ် ပြုလုပ်ပေးနိုင်ခဲ့ပါတယ်။
ချယ်လ်ဆီးအသင်းဟာ ပတ်ဒရိုမတိုင်မီ အစ်ဝစ်ချ်အသင်းတိုက်စစ်မှူး ဒီလပ်ကို ပေါင်သန်း ၃၀၊ ပါလ်မီးရပ်စ်အသင်း တောင်ပံကစားသမား အီစတယ်ဗိုကို ပေါင် ၂၈ ဒသမ ၆ သန်း၊ စပို့တင်းလစ္စဘွန်းအသင်း ကွင်းလယ်လူ အီဆူဂိုကို ပေါင် ၁၈ ဒသမ ၅ သန်း၊ စထရာဘိုးအသင်း ခံစစ်အတွင်းလူ မာမာဒူဆားကို ပေါင် ၁၂ သန်းနဲ့ ခေါ်ယူထားပြီးဖြစ်ပါတယ်။
၎င်းတို့အနက် အီစတယ်ဗိုကို ပြီးခဲ့တဲ့နှစ် နွေရာသီ၊ မာမာဒူဆားကို ဇန်နဝါရီနဲ့ အီဆူဂိုကို မတ်လကတည်းက ကြိုတင်သဘောတူညီမှု ရယူထားခဲ့ပါတယ်။