
လီဗာပူးလ်အသင်းဟာ အသင်းလူငယ်ကွင်းလယ်ကစားသမား အဲလိယတ်အတွက် ပေါင်သန်း (၅၀) ကျော် အလိုရှိနေတယ်လို့ The Athletic သတင်းဌာနက ဖော်ပြခဲ့ပါတယ်။
အသက် (၂၂) နှစ်အရွယ် အဲလိယတ်ဟာ ဥရောပယူ-၂၁ ချန်ပီယံရှစ်ပြိုင်ပွဲမှာ ဗိုလ်စွဲခဲ့တဲ့ အင်္ဂလန်ယူ-၂၁ အသင်းအတွက် ခြေစွမ်းပြကစားခဲ့ပြီး (၆) ပွဲမှာ (၅) ဂိုးသွင်းကာ ပြိုင်ပွဲရဲ့အကောင်းဆုံးကစားသမားဆုကို ရရှိခဲ့တာပါ။
ဒါပေမဲ့ အဲလိယတ်ဟာ ပြီးခဲ့တဲ့ ၂၀၂၄-၂၅ ရာသီက လီဗာပူးလ်အသင်းမှာ နေရာရဖို့ ရုန်းကန်ခဲ့ရပြီး ပြိုင်ပွဲစုံ (၂၈) ပွဲသာ ကစားခွင့်ရခဲ့ပြီး (၅) ဂိုးသာ သွင်းယူနိုင်ခဲ့ပါတယ်။
လီဗာပူးလ်အသင်းဟာ အခုနွေမှာ ဂျာမန်ကွင်းလယ်တိုက်စစ်ကစားသမား ဖလော်ရီယန်ဗက်ဇ်ကို Add-ons ကြေးအပါအဝင် ပေါင် (၁၁၆) သန်းနဲ့ ခေါ်ယူထားတာကြောင့် အဲလိယတ်အနေနဲ့ ပွဲထွက်ခွင့်ရဖို့ ပိုမိုရုန်းကန်ရဖွယ်ရှိနေတယ်လို့ သတင်းထွက်နေပါတယ်။
အဲလိယတ်ကိုယ်တိုင်ကလည်း လာမယ့်ရာသီမှာ ပုံမှန်ပွဲထွက်ခွင့်ရနိုင်တဲ့ အသင်းဆီသို့ ပြောင်းရွှေ့ကစားလိုနေပြီး လက်ရှိမှာ သူ့ကို ခေါ်ယူဖို့ နယူးကာဆယ်၊ ဒေါ့မွန်နဲ့ လိုက်ပ်ဇစ်အသင်းတို့က စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။
The Athletic ရဲ့ ဖော်ပြချက်အရ လီဗာပူးလ်အသင်းဟာ အဲလိယတ်ကို ပေါင်သန်း (၅၀) ကျော်နဲ့ ရောင်းထုတ်ဖို့ စီစဉ်နေပြီး ပေါင်သန်း (၄၀) နဲ့ဆိုရင် ပြန်လည်ခေါ်နိုင်တဲ့ buy-back clause ကို ထည့်သွင်းသွားဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။