
အာဆင်နယ်အသင်းဟာ စပို့တင်းလစ္စဘွန်းတိုက်စစ်မှူး ယိုကယ်ရက်စ်ကို ခေါ်ယူနိုင်ဖို့ နီးစပ်နေပြီလို့ သိရပါတယ်။
ပရီးမီးယားလိဂ်မှာ (၃) နှစ်ဆက်တိုက် အဆင့် (၂) ရရှိခဲ့တဲ့ အာဆင်နယ်အသင်းဟာ အခုနွေမှာ ထိပ်တန်းတိုက်စစ်မှူးတစ်ဦး ခေါ်ယူဖို့ ပြင်ဆင်နေတာ ဖြစ်ပါတယ်။
အာဆင်နယ်အသင်းဟာ အသင်းတိုက်စစ်ပိုင်းအတွက် စပို့တင်းလစ္စဘွန်းတိုက်စစ်မှူး ယိုကယ်ရက်စ်၊ လိုက်ပ်ဇစ်တိုက်စစ်မှူး ရှက်ရှကိုတို့ကို ချိတ်ဆက်ခဲ့ပြီး အခုအခါ ယိုကယ်ရက်စ်ကို ခေါ်ယူနိုင်ဖို့ နီးစပ်နေပြီလို့ သိရပါတယ်။
The Sun ရဲ့ ဖော်ပြချက်အရ အာဆင်နယ်အသင်းဟာ ယိုကယ်ရက်စ်ကို (၅) နှစ် စာချုပ်နဲ့ ခေါ်ယူဖို့အတွက် ကစားသမားနဲ့ ပုဂ္ဂိုလ်ရေးသဘောတူညီမှု ရရှိခဲ့ပြီဖြစ်တယ်လို့ သိရပါတယ်။
အာဆင်နယ်အသင်းဟာ လက်ရှိမှာ ယိုကယ်ရက်စ်ရဲ့ အပြောင်းအရွှေ့အတွက် စပို့တင်းလစ္စဘွန်းအသင်းနဲ့ ပြောင်းရွှေ့ကြေးကို ညှိနှိုင်းနေတယ်လို့လည်း သိရပါတယ်။
ပေါ်တူဂီသတင်းစာ A Bola ရဲ့ ဖော်ပြချက်အရ ဇူလိုင် (၁) ရက်စပြီး ယိုကယ်ရက်စ်ရဲ့ စာချုပ်လျော်ကြေးတန်ဖိုးဟာ ပေါင်သန်း (၆၀) ပဲ ရှိတော့တယ်လို့ သိရပါတယ်။
အသက် (၂၇) နှစ်အရွယ် ဆွီဒင်လက်ရွေးစင်တိုက်စစ်မှူး ယိုကယ်ရက်စ်ဟာ စပို့တင်းလစ္စဘွန်းအသင်းအတွက် (၂) ရာသီအတွင်း ပြိုင်ပွဲစုံ (၁၀၂) ပွဲမှာ (၉၇) ဂိုးအထိ သွင်းယူထားတာပါ။
Photos: Getty Images