
နယ်သာလန်ဂန္ထဝင်ကစားသမား အဂ္ဂါဒေးဗစ်က အာနိုးလ်အနေနဲ့ ရီးယဲလ်မက်ဒရစ်အသင်းမှာ ပိုကောင်းလာမယ်လို့ သုံးသပ်ပြောကြားခဲ့ပါတယ်။
အသက် (၂၆) နှစ်အရွယ် လီဗာပူးလ်ငယ်မွေးခြံပေါက်ကစားသမား အာနိုးလ်ဟာ ပြီးခဲ့တဲ့ဇွန်လကမှ လီဗာပူးလ်အသင်းကနေ ရီးယဲလ်မက်ဒရစ်အသင်းဆီသို့ ယူရို (၁၀) သန်းနဲ့ ပြောင်းရွှေ့လာခဲ့တာပါ။
အာနိုးလ်ဟာ ၂၀၂၅ ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ရီးယဲလ်မက်ဒရစ်အသင်းအတွက် (၄) ပွဲစလုံး ပါဝင်ကစားထားပြီး တစ်ပွဲထက် တစ်ပွဲ အသင်းနဲ့ ပိုအသားကျလာတယ်လို့ သိရပါတယ်။
အာနိုးလ်ဟာ ဂျူဗင်တပ်စ်အသင်းကို (၁-၀) ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ကလပ်ကမ္ဘာ့ဖလားရှုံးထွက် (၁၆) သင်းအဆင့်ပွဲစဉ်မှာ အသင်းဖော်လူငယ်တိုက်စစ်မှူး ဂွန်ဇာလိုဂါစီယာ ဂိုးသွင်းနိုင်အောင် ဖန်တီးမှုပြုလုပ်ပေးနိုင်ခဲ့ပါတယ်။
အဲဒီပွဲမှာ Dazn ရုပ်သံမှာ သုံးသပ်တင်ဆက်ခဲ့တဲ့ အဂ္ဂါဒေးဗစ်က "အာနိုးလ်အနေနဲ့ ရီးယဲလ်မှာ အသားကျလာပြီလို့ ကျွန်တော် ထင်ပါတယ်။ သူ ဒီထက်ပိုကောင်းလာဦးမှာပါ။ အာနိုးလ်ဟာ ကမ္ဘာပေါ်မှာ အကောင်းဆုံးတိုက်စစ်လိုက်ကစားတဲ့ နောက်ခံလူတွေထဲက တစ်ဦးပါ"လို့ ပြောကြားခဲ့ပါတယ်။