Eleven Media Group

■ ရီးယဲလ်ကွင်းလယ်ကစားသမား ဗယ်လ်ဗာဒီကို အသင်းနည်းပြ အလွန်ဆို ချီးကျူး

ရီးယဲလ်မက်ဒရစ်နည်းပြ အလွန်ဆိုက အသင်းကွင်းလယ်ကစားသမား ဗယ်လ်ဗာဒီရဲ့ စွမ်းဆောင်ရည်ကို ချီးကျူးပြောကြားခဲ့ပါတယ်။

ဇူလိုင် (၁) ရက်က ကစားခဲ့တဲ့ ၂၀၂၅ ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ ရှုံးထွက် (၁၆) သင်းအဆင့်ပွဲစဉ် ရီးယဲလ်မက်ဒရစ် (၁-၀) ဂျူဗင်တပ်စ်ပွဲမှာ ရီးယဲလ်ကွင်းလယ်ကစားသမား ဗယ်လ်ဗာဒီက ပွဲစဉ်အလိုက် အကောင်းဆုံးကစားသမားဆုကို ရရှိခဲ့တာပါ။

အသက် (၂၆) နှစ်အရွယ် ဥရုဂွေးလက်ရွေးစင်ကွင်းလယ်ကစားသမား ဗယ်လ်ဗာဒီဟာ ၂၀၂၅ ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ရီးယဲလ်မက်ဒရစ်အသင်းအတွက် (၄) ပွဲစလုံး ပါဝင်ကစားပေးထားပြီး ခြေစွမ်းပြနေတာပါ။

ဒါကြောင့် ရီးယဲလ်မက်ဒရစ်နည်းပြ အလွန်ဆိုက ဗယ်လ်ဗာဒီဟာ သူ့ရဲ့ရီးယဲလ်နည်းပြဘဝကို လွယ်ကူအောင် လုပ်ပေးသူလို့ ချီးကျူးပြောကြားခဲ့တာ ဖြစ်ပါတယ်။

အလွန်ဆိုက "ဗယ်လ်ဗာဒီက ကျွန်တော့်ဘဝကို လွယ်ကူအောင် လုပ်ပေးနေသူပါ။ သူက ထိပ်တန်းကစားသမားဖြစ်ပြီး အရာအားလုံးကို ကောင်းကောင်း လုပ်နိုင်သူလည်း ဖြစ်ပါတယ်။ ပြီးတော့ သူဟာ အသင်းဖော်တွေကိုပါ ပိုကောင်းအောင် ဆွဲခေါ်နိုင်သူ ဖြစ်ပါတယ်"လို့ ပြောကြားခဲ့တာပါ။

ဗယ်လ်ဗာဒီဟာ အခု ၂၀၂၅ ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ (၄) ပွဲ ကစားပေးထားပြီး (၂) ဂိုး သွင်းယူပေးထားပါတယ်။

မူရင်းသတင်း — Eleven Media Group