
ပရီးမီးယားလိဂ် လက်ရှိချန်ပီယံ လီဗာပူးလ်အသင်းဟာ အထောင်တိုက်စစ်နေရာအတွက် ထိပ်တန်းတိုက်စစ်မှူး (၃) ဦးကို ပစ်မှတ်ထားနေတယ်လို့ သိရပါတယ်။
လီဗာပူးလ်အသင်းဟာ အခုနွေမှာ ဖရင်ပေါင်၊ ဖလော်ရီယန်ဗက်ဇ်၊ ကာကက်ဇ်အပါအဝင် ကစားသမား (၆) ဦးကို ခေါ်ယူထားပြီး ပေါင်သန်း (၂၀၀) ကျော် အသုံးပြုထားပြီး ဖြစ်ပါတယ်။
ဒါပေမဲ့ လီဗာပူးလ်အသင်းဟာ အခုနွေရာသီအပြောင်းအရွှေ့မှာ ကစားသမားသစ်တွေ ထပ်မံခေါ်ယူဖို့ စီစဉ်နေပြီး အထောင်တိုက်စစ်နေရာအတွက် ထိပ်တန်းတိုက်စစ်မှူးတစ်ဦးကို ခေါ်ယူဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။
The Mirror ရဲ့ ဖော်ပြချက်အရ လီဗာပူးလ်အသင်းဟာ အထောင်တိုက်စစ်နေရာအတွက် လက်ရှိမှာ နယူးကာဆယ်တိုက်စစ်မှူး အီဆက်ခ်၊ ဖရန့်ဖတ်တိုက်စစ်မှူး အီတီကီနဲ့ နာပိုလီတိုက်စစ်မှူး အိုဆင်မန်တို့ထဲက တစ်ဦးဦးကို ခေါ်ယူဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။
အီဆက်ခ်ရဲ့ ပြောင်းရွှေ့ကြေးက ပေါင်သန်း (၁၀၀) အထက်မှာ ရှိနေပြီး အီတီကီရဲ့ပြောင်းရွှေ့ကြေးက ပေါင် (၈၅)သန်းဝန်းကျင်နဲ့ အိုဆင်မန်ရဲ့စာချုပ်လျော်ကြေးကတော့ ပေါင် (၆၃)သန်း ရှိတယ်လို့ သိရပါတယ်။
လီဗာပူးလ်အသင်းအနေနဲ့ အခုနွေရာသီမှာ ပြောင်းရွှေ့ကြေးမြောက်မြားစွာ အသုံးပြုပြီးဖြစ်တာကြောင့် အဲဒီတိုက်စစ်မှူး (၃)ဦးထဲက (၁)ဦးကို ခေါ်ယူဖို့ဆိုရင် အသင်းရှိ ကစားသမားတွေကို အရင်ရောင်းထုတ်ရဖွယ်ရှိနေတယ်လို့ သိရပါတယ်။
လီဗာပူးလ်အသင်းဟာ အခုနွေမှာ အသင်းတိုက်စစ်မှူး ဒါဝင်နူးနက်ဇ်ကို ရောင်းထုတ်ဖို့ စီစဉ်နေသလို၊ လူငယ်ကစားသမားတွေဖြစ်တဲ့ ကွမ်ဆာ၊ အဲလိယတ်တို့ကိုလည်း ရောင်းထုတ်ဖွယ်ရှိနေတယ်လို့ သတင်းထွက်နေပါတယ်။
ဒါ့ပြင် လီဗာပူးလ်အသင်းအနေနဲ့ ဘိုင်ယန်မြူးနစ်အသင်းက ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ အသင်းတောင်ပံတိုက်စစ်ကစားသမား ဒီယက်ဇ်ကိုလည်း ထိုက်တန်တဲ့ပြောင်းရွှေ့ကြေးရရင် ရောင်းထုတ်ဖွယ်ရှိနေတယ်လို့ သိရပါတယ်။