Eleven Media Group

■ ပရီးမီးယားလိဂ်ထိပ်သီးအသင်းတွေရဲ့ ပစ်မှတ် ဆီမန်ညိုကို ဘုန်းမောက်အသင်း စာချုပ်သစ် ချုပ်ဆို

Photo: Getty Images

ဘုန်းမောက်အသင်းဟာ ပရီးမီးယားလိဂ်ထိပ်သီးကလပ်တွေရဲ့ ပစ်မှတ်ဖြစ်တဲ့ အသင်းတိုက်စစ်ကစားသမား ဆီမန်ညိုကို (၅) နှစ် သက်တမ်းရှိ စာချုပ်တစ်ရပ် ချုပ်ဆိုခဲ့တယ်လို့ သိရပါတယ်။

အသက် (၂၅) နှစ်အရွယ် ဂါနာလက်ရွေးစင်တိုက်စစ်မှူး ဆီမန်ညိုဟာ ပြီးခဲ့တဲ့ ၂၀၂၄-၂၅ ရာသီက ပရီးမီးယားလိဂ် (၃၇) ပွဲမှာ (၁၁) ဂိုး သွင်းယူခဲ့တာပါ။

ဒါကြောင့် သူ့ကို ခေါ်ယူဖို့ ပရီးမီးယားလိဂ်ထိပ်သီးအသင်းတွေဖြစ်တဲ့ လီဗာပူးလ်၊ မန်ချက်စတာယူနိုက်တက်နဲ့ စပါးအသင်းတို့က စိတ်ဝင်စားနေကြတယ်လို့ သိရပါတယ်။

ဒါပေမဲ့ ဘုန်းမောက်အသင်းက သူတို့အသင်းတိုက်စစ်ကစားသမား ဆီမန်ညိုကို ၂၀၃၀ ပြည့်နှစ်အထိ သက်တမ်းရှိ စာချုပ်တစ်ရပ် ချုပ်ဆိုခဲ့တာဖြစ်ပြီး အသင်းမှာဆက်ထိန်းခဲ့တာ ဖြစ်ပါတယ်။

ဆီမန်ညိုက သူ့အနေနဲ့ ဘုန်းမောက်အသင်းမှာ ကစားသမားတစ်ယောက်အနေနဲ့ရော လူပုဂ္ဂိုလ်တစ်ဦးအနေနဲ့ပါ များစွာတိုးတက်ခဲ့တာကြောင့် အသင်းမှာ ဆက်နေဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

ဆီမန်ညိုဟာ ၂၀၂၃ ဇန်နဝါရီမှာ ဘရစ္စတိုးလ်အသင်းကနေ ဘုန်းမောက်အသင်းဆီကို ပေါင် (၁၀.၅)သန်းနဲ့ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး လက်ရှိစျေးကွက်ပေါက်စျေးမှာ ပေါင် (၃၅)သန်းဝန်းကျင်ရှိတယ်လို့ သိရပါတယ်။

မူရင်းသတင်း — Eleven Media Group