
အားကာသိပ္ပံအမျိုးသမီးအသင်း (ISPE) ဝင်ရောက်ယှဥ်ပြိုင်မယ့် ၂၀၂၅- ၂၀၂၆ အာရှအမျိုးသမီးချန်ပီယံလိဂ်ခြေစစ်ပွဲ (Preliminary Stage) အုပ်စုမဲခွဲပွဲကို မနက်ဖြန် (ဇူလိုင် ၃) မှာ ပြုလုပ်မှာ ဖြစ်ပါတယ်။
ခြေစစ်ပွဲ အုပ်စုမဲခွဲပွဲကို အာရှဘောလုံးအဖွဲ့ချုပ် (AFC) ရုံးစိုက်ရာ မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့မှာ ပြုလုပ်မှာ ဖြစ်ပါတယ်။ AFC ရဲ့ ထုတ်ပြန်မှုအရ ခြေစစ်ပွဲဝင် အသင်း (၁၉) သင်းကို (၄) သင်း (၄) အုပ်စုနဲ့ (၃) သင်း (၁) အုပ်စုခွဲကာ ကျင်းပပြုလုပ်မှာပါ။
အုပ်စုပထမရ အသင်း (၅) သင်းသာ ခြေစစ်ပွဲအောင်မှာဖြစ်ပြီး တိုက်ရိုက်ကစားခွင့်ရ အသင်း (၇) သင်းနဲ့ပေါင်းကာ နောက်ဆုံးအဆင့်ပြိုင်ပွဲကို အသင်း (၁၂) သင်းနဲ့ ကျင်းပပြုလုပ်မှာ ဖြစ်ပါတယ်။
ခြေစစ်ပွဲအတွက် အုပ်စု (၅) ခုကို မြန်မာ၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှားနဲ့ ဥဇဘက်ကစ္စတန်နိုင်ငံ ကလပ်အသင်းတွေက အိမ်ရှင်အဖြစ် လက်ခံကျင်းပကြမှာ ဖြစ်ပါတယ်။
အားကာသိပ္ပံအမျိုးသမီးအသင်းဟာ ပြီးခဲ့တဲ့ ၂၀၂၄ မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲမှာ ဗိုလ်စွဲထားခဲ့တာကြောင့် အာရှအမျိုးသမီးလိဂ်ခြေစစ်ပွဲကို ဝင်ရောက်ယှဥ်ပြိုင်ခွင့် ရရှိခဲ့တာဖြစ်ပါတယ်။