Eleven Media Group

■ ဂျိုရှုအာဗန် UFC Ranking (၁) ဖြစ်လာပြီး ပန်တိုဂျာက UFC- 323 မှာ ထိုးသတ်ဖို့ ဆန္ဒရှိနေ

ချင်းတိုင်းရင်းသား MMA ဖိုက်တာ ဂျိုရှုအာဗန်ဟာ UFC ဖလိုင်းဝိတ်တန်းမှာ Ranking (၁) ဖြစ်လာပြီး လက်ရှိချန်ပီယံ အလက်ဇန္ဒားပန်တိုဂျာက UFC-323 မှာ ထိုးသတ်ဖို့ ဆန္ဒရှိနေပါတယ်။

ချင်းဖိုက်တာ ဂျိုရှုအာဗန်ဟာ ပြီးခဲ့တဲ့ဇွန် (၂၉) ရက်က အမေရိကန်ဖိုက်တာ ဘရန်ဒန်ရွိုင်ဗယ်ကို အမှတ်နဲ့အနိုင်ရအပြီး UFC ဖလိုင်းဝိတ်တန်းမှာ Ranking (၁) အဖြစ် အသိအမှတ်ပြုခံခဲ့ရတာပါ။

ဒါကြောင့် ဂျိုရှုအာဗန်ဟာ ချန်ပီယံစိန်ခေါ်ခွင့်ရခဲ့ပြီး UFC ဖလိုင်းဝိတ်တန်းရဲ့ လက်ရှိချန်ပီယံ
ဘရာဇီးလ်ဖိုက်တာ ပန်တိုဂျာနဲ့ ထိုးသတ်ရတော့မှာ ဖြစ်ပါတယ်။ UFC ပရိုမိုးရှင်းကလည်း ပန်တိုဂျာနဲ့ ဂျိုရှုအာဗန်ရဲ့ပွဲကို အတည်ပြုထားပြီး ပွဲရက် အတည်ပြုပေးဖို့သာ ကျန်ရှိနေတော့တာပါ။

လက်ရှိချန်ပီယံ ပန်တိုဂျာကတော့ ဂျိုရှုအာဗန်နဲ့ပွဲကို လာမယ့်ဒီဇင်ဘာအတွင်း နီဗားဒါးပြည်နယ်၊ လပ်ဗေးဂတ်စ်မြို့မှာ ကျင်းပမယ့် UFC-323 ပြိုင်ပွဲမှာ ထိုးသတ်ဖို့ ဆန္ဒရှိနေကြောင်း မီဒီယာတွေက ဖော်ပြနေပါတယ်။

UFC ဖလိုင်းဝိတ်တန်းရဲ့ လက်ရှိချန်ပီယံ အလက်ဇန္ဒားပန်တိုဂျာဟာ ပရော်ဖက်ရှင်နယ် MMA ကစားသမားဘဝ (၃၅) ပွဲ ထိုးသတ်ထားရာမှာ ပွဲ (၃၀) အနိုင်ရထားပြီး (၅) ပွဲ ရှုံးနိမ့်ထားပါတယ်။

ဂျိုရှုအာဗန်က ပရော်ဖက်ရှင်နယ် MMA ကစားသမားဘဝ (၁၇) ပွဲထိုးသတ်ထားရာမှာ (၁၅) ပွဲနိုင်၊ (၂) ပွဲရှုံးထားပါတယ်။ UFC မှာဆိုရင်တော့ ဂျိုရှုအာဗန်က (၉) ပွဲထိုးသတ်ထားပြီး (၈) ပွဲနိုင်၊ (၁) ပွဲသာရှုံးနိမ့်ထားတဲ့ အသက် (၂၃) နှစ် လူငယ်ဖိုက်တာဖြစ်ပါတယ်။

မူရင်းသတင်း — Eleven Media Group