
ဘောလုံးပရိသတ်တွေက ဘရိုက်တန်တိုက်စစ်ကစားသမား ဂျော်အိုပတ်ဒရိုကို ပေါင်သန်း (၆၀) နဲ့ ခေါ်ယူခဲ့တဲ့ ချယ်လ်ဆီးအသင်းကို လူမှုကွန်ရက်မှာ လှောင်ပြောင်ခဲ့ကြတယ်လို့ သိရပါတယ်။
ချယ်လ်ဆီးအသင်းဟာ အသက် (၂၃) နှစ်အရွယ်ရှိ ဘရာဇီးလ်တိုက်စစ်ကစားသမား ဂျော်အိုပတ်ဒရိုကို ပေါင်သန်း (၆၀) နဲ့ ခေါ်ယူပြီး (၈) နှစ်သက်တမ်းရှိ စာချုပ်တစ်ရပ် ချုပ်ဆိုခဲ့တာပါ။
ဒါပေမဲ့ ဘောလုံးပရိသတ်တွေကတော့ ချယ်လ်ဆီးအသင်းအနေနဲ့ ဘရိုက်တန်အသင်းရဲ့ ဂျင်း ထပ်မိပြန်ပြီလို့ လူမှုကွန်ရက်မှာ လှောင်ပြောင်ခဲ့ကြတာ ဖြစ်ပါတယ်။
မန်ယူနိုက်တက်ပရိသတ်တစ်ဦးဖြစ်တဲ့ @BamcheUtd အကောင့်ပိုင်ရှင်က "ဘရိုက်တန်ကတော့ ချယ်လ်ဆီးကို ဂျင်းထည့်လိုက်ပြန်ပြီ"လို့ ရေးသားခဲ့ပြီး မန်စီးတီးပရိသတ်အကောင့်တစ်ခုဖြစ်တဲ့ @mcfc_Savio က "ပိုက်ဆံဖြုန်းတာပဲ။ ချယ်လ်ဆီးက ဖလားတွေ မလိုချင်ဘူးနဲ့ တူတယ်"လို့ ရေးသားခဲ့တာပါ။
အခြားဘောလုံးပရိသတ်တစ်ဦးဖြစ်တဲ့ @joel_oten က "အလယ်အလတ်ကစားသမားတွေ ဝယ်တာ ရပ်ပါတော့။ ဒီလူက ပရီးမီးယားလိဂ်မှာ တစ်ရာသီကို ဂိုးပါဝင်သက်မှု အကြိမ် (၂၀) ကျော်နိုင်တဲ့ ကစားသမား မဟုတ်ပါဘူး။ အလကား နာမည်ကြီးနေတာ"လို့ ရေးသားခဲ့ပြီး @Kiswili_10 အကောင့်ပိုင်ရှင်က "ချယ်လ်ဆီးက ကြိုဆိုပါတယ်။ မေးချင်တာကတော့ ဂျော်အိုပတ်ဒရိုက ဂျော်အိုဖေးလစ်တို့ အန်ကွန်ကူတို့နဲ့ ဘာများကွာလို့လဲ"ဆိုပြီး ရေးသားခဲ့တာပါ။
ချယ်လ်ဆီးအသင်းက ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်း ဘရိုက်တန်အသင်းရဲ့ကစားသမားတွေဖြစ်တဲ့ ကူကူရယ်လာ၊ ကိုင်စီဒို၊ ရောဘတ်ဆန်းချက်ဇ်၊ ဂျော်အိုပတ်ဒရိုတို့ကို ပေါင်သန်း (၂၀၀) ကျော်အထိ အသုံးပြုပြီး ခေါ်ယူခဲ့တာပါ။