
နာမည်ကျော် အီတလီလူမျိုးနည်းပြဟောင်း ကာပယ်လိုက အင်တာမီလန်အသင်းအနေနဲ့ အသင်းကွင်းလယ်ကစားသမား ချာဟာနိုဂလူးကို ရောင်းထုတ်ရင် မှားမယ်လို့ သတိပေးပြောကြားခဲ့တာပါ။
အသက် (၃၁) နှစ်အရွယ် တူရကီအသင်းခေါင်းဆောင် ချာဟာဂနိုဂလူးဟာ ၂၀၂၁ နွေရာသီမှာ အေစီမီလန်အသင်းကနေ ပြောင်းရွှေ့ကြေးအလွတ်နဲ့ ရောက်ရှိလာပြီးကတည်းက အင်တာမီလန်အသင်းမှာ အဓိက ကစားသမားအဖြစ် ခြေစွမ်းပြနေသူဖြစ်ပါတယ်။ ဒါပေမဲ့ အင်တာမီလန်အသင်းဟာ ပြီးခဲ့တဲ့ ၂၀၂၄-၂၅ ရာသီက ဖလားလက်မဲ့ဖြစ်ခဲ့သလို ၂၀၂၅ ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်း (၁၆) သင်းအဆင့်ကနေ ထွက်ခွာခဲ့ရတာပါ။
ချာဟာနိုဂလူးဟာ PSG အသင်းကို ရှုံးနိမ့်ခဲ့တဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ ရရှိခဲ့တဲ့ ဒဏ်ရာကြောင့် ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အင်တာမီလန်အသင်းအတွက် ပါဝင်ကစားနိုင်ခဲ့ခြင်း မရှိပါဘူး။
ဒါကြောင့် ၂၀၂၅ ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ (၁၆) သင်းအဆင့်က ထွက်ခွာခဲ့ရပြီးနောက် အင်တာမီလန်အသင်းခေါင်းဆောင် လော်တာရိုမာတီနက်ဇ်က အသင်းမှာ မကစားချင်တဲ့သူတွေ ထွက်သွားနိုင်တယ်လို့ ချာဟာနိုဂလူးကို ရည်ရွယ်ပြီး ပြောကြားခဲ့တာပါ။
လက်ရှိမှာ ချာဟာနိုဂလူးကို ခေါ်ယူဖို့ တူရကီကလပ် ဂါလာတာစာရေးအသင်းက စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။ ဒါပေမဲ့ ကာပယ်လိုက ချာဟာဂနိုလူးက အင်တာမီလန်အသင်းအတွက် မန်စီးတီးကွင်းလယ်ကစားသမား ရိုဒရီလို ကစားသမားဖြစ်ပြီး သူ့ကို ရောင်းရင်မှားမယ်လို့ သတိပေးခဲ့တာ ဖြစ်ပါတယ်။
ကာပယ်လိုက "ချာဟာနိုဂလူးက အင်တာမီလန်ရဲ့ ရိုဒရီပါပဲ။ သူဟာ အင်တာမီလန်အသင်းမှာ အစားထိုးမရတဲ့ ကစားသမား ဖြစ်ပါတယ်။ သူဟာ အင်တာမီလန်ကွင်းလယ်မှာ အဓိက ကစားသမားဖြစ်ပါတယ်။ အင်တာမီလန်အသင်းအနေနဲ့ သူ့နေရာမှာ အစားထိုးဖို့ ကစားသမားသစ် ရှာရတာ လွယ်မှာ မဟုတ်ပါဘူး"လို့ ပြောကြားခဲ့ပါတယ်။