
ဘရိုက်တန်တောင်ပံတိုက်စစ်ကစားသမား မီတိုမာဟာ ထိပ်တန်းအသင်းတွေရဲ့ စိတ်ဝင်စားခြင်းကို ခံနေရပေမဲ့ ဘရိုက်တန်အသင်းမှာပဲ ဆက်နေဖို့ ဆန္ဒရှိနေတယ်လို့ Sky Sports သတင်းဌာနက ဖော်ပြခဲ့ပါတယ်။
အသက် (၂၈) နှစ်အရွယ် ဂျပန်လက်ရွေးစင်တောင်ပံတိုက်စစ်ကစားသမား မီတိုမာဟာ ပြီးခဲ့တဲ့ ၂၀၂၄-၂၅ ရာသီက ဘရိုက်တန်အသင်းအတွက် ပြိုင်ပွဲစုံ (၄၁) ပွဲမှာ (၁၁) ဂိုးသွင်းပြီး ဂိုးဖန်တီးမှု (၄) ကြိမ် ပြုလုပ်ပေးခဲ့တာပါ။
ဒါကြောင့် သူ့ကို ကလပ်အသင်းများစွာက စိတ်ဝင်စားနေကြပြီး အဲဒီထဲမှာ ဥရောပထိပ်တန်းအသင်းတွေဖြစ်တဲ့ ဘိုင်ယန်မြူးနစ်နဲ့ အာဆင်နယ်အသင်းတို့ ပါဝင်သလို ဆော်ဒီကလပ်တွေကလည်း သူ့ကို ခေါ်ယူလိုနေကြောင်း သိရပါတယ်။
ဒါပေမဲ့ Sky Sports က မီတိုမာဟာ အသင်းပြောင်းရွှေ့ဖို့ စိတ်ဝင်စားခြင်းမရှိဘဲ ဘရိုက်တန်အသင်းမှာ ဆက်နေဖို့ ဆန္ဒရှိနေကြောင်း ဖော်ပြခဲ့ပါတယ်။
ဘရိုက်တန်အသင်းနဲ့ ချုပ်ဆိုထားတဲ့ မီတိုမာရဲ့ လက်ရှိစာချုပ်မှာ ၂၀၂၇ ခုနှစ်၊ ဇွန် (၃၀) ရက်မှာ သက်တမ်းကုန်ဆုံးမှာဖြစ်ပြီး ဘရိုက်တန်အသင်းအနေနဲ့ သူ့ကို လစာတိုးပေးပြီး စာချုပ်သစ် ချုပ်ဆိုဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။