
နာပိုလီအသင်းဥက္ကဋ္ဌ ဒီလော်ရန်းတစ်ဟာ လီဗာပူးလ်တိုက်စစ်မှူး ဒါဝင်နူးနက်ဇ်ကို ခေါ်ယူနိုင်ရေးအတွက် ကြိုးပမ်းနေတယ်လို့ သိရပါတယ်။
အသက် (၂၆) နှစ်အရွယ် ဥရုဂွေးလက်ရွေးစင်တိုက်စစ်မှူး ဒါဝင်နူးနက်ဇ်ဟာ ၂၀၂၂ နွေရာသီက ဘင်ဖီကာအသင်းကနေ လီဗာပူးလ်အသင်းသို့ Add-ons ကြေးအပါအဝင် ပေါင် (၈၅) သန်းနဲ့ ပြောင်းရွှေ့လာခဲ့တာပါ။
ဒါပေမဲ့ သူဟာ နည်းပြ အာနယ်ဆလော့လက်ထက်မှာ ပုံမှန်ပွဲထွက်ခွင့်ရဖို့ ရုန်းကန်ခဲ့ရပြီး ပြီးခဲ့တဲ့ ၂၀၂၄-၂၅ ရာသီ ပရီးမီးယားလိဂ်ပွဲ (၃၀) မှာ (၈) ပွဲသာ ပွဲထွက်ကစားခွင့်ရခဲ့ပြီး (၅) ဂိုးသွင်းကာ ဂိုးဖန်တီးမှု (၃) ကြိမ်သာ ပြုလုပ်နိုင်ခဲ့တာ ဖြစ်ပါတယ်။
ဒါကြောင့် ဒါဝင်နူးနက်ဇ်အနေနဲ့ အခုနွေမှာ လီဗာပူးလ်အသင်းက ထွက်ခွာဖို့ ပြင်ဆင်နေပြီး သူ့ကို ခေါ်ယူဖို့ နာပိုလီ၊ အက်သလက်တီကိုနဲ့ ဆော်ဒီထိပ်သီး အယ်လ်ဟီလာအသင်းတို့က စိတ်ဝင်စားနေကြပါတယ်။
အဲဒီထဲမှာ စီးရီးအေလက်ရှိချန်ပီယံ နာပိုလီအသင်းက ဒါဝင်နူးနက်ဇ်ကို ခေါ်ယူနိုင်ဖို့ ရေပန်းအစားဆုံးဖြစ်နေပြီး အသင်းဥက္ကဋ္ဌ ဒီလော်ရန်းတစ်ကိုုယ်တိုင် အပြောင်းအရွှေ့ဖြစ်မြောက်ရေးအတွက် ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
လီဗာပူးလ်အသင်းဟာ အသင်းနဲ့ ၂၀၂၈ ခုနှစ်အထိ စာချုပ်သက်တမ်းရှိနေတဲ့ ဒါဝင်နူးနက်ဇ်အတွက် ယူရိုသန်း (၆၀) (ပေါင် ၅၁ သန်း) အလိုရှိနေပြီး နာပိုလီအသင်းက သူ့အတွက် ယူရို (၄၃) သန်း (ပေါင် ၃၇ သန်း)သာ ပေးချေလိုနေတယ်လို့ သိရပါတယ်။
ဒါဝင်နူးနက်ဇ်ရဲ့ အပြောင်းအရွှေ့သာ ဖြစ်မြောက်ခဲ့မယ်ဆိုရင် သူ့အနေနဲ့ နာပိုလီအသင်းမှာ မန်စီးတီးဂန္ထဝင် ဒီဘရိုင်းနားနဲ့ တွဲဖက်ကစားရမှာ ဖြစ်ပါတယ်။