
မန္တလေးမြို့တွင် မြေသယ်ယာဉ်တစ်စီးက ၁၂ နှစ်အရွယ်ကလေးငယ်ကို တိုက်ပြီးထွက်ပြေးရာ ကလေးငယ်မှာ အခင်းဖြစ်နေရာတွင် သေဆုံးခဲ့ကြောင်း နန္ဒာမေတ္တာလူမှုကယ်ဆယ်ရေးအဖွဲ့ထံမှ သိရသည်။
ဇူလိုင် ၃ ရက် နံနက် ၈ နာရီခန့်တွင် မန္တလေးမြို့ ၄၉ လမ်း× ၁၁၄လမ်းဒေါင့်တွင် တောင်မှ မြောက်သို့ မောင်းနှင်လာသည့် မြေသယ်ယာဉ်တစ်စီးက စက်ဘီးစီးလာသည့် ၁၂ နှစ်အရွယ် ကလေးငယ်ကို တိုက်ပြီး မောင်းနှင် ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။
ယာဉ်တိုက်မိမှုကြောင့် ကလေးငယ်မှာ အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ပြီး သေဆုံးခဲ့သည့်ကလေးငယ်ကို မန္တလေးဆေးရုံကြီးရင်ခွဲရုံသို့ပို့ဆောင်ခဲ့ကြောင်း၊ သေဆုံးခဲ့သည့် ကလေးငယ်မှာ မည်သူမည်ဝါဖြစ်သည်ကို မသိရှိရသေးဘဲ စုံစမ်းနေဆဲဖြစ်ကြောင်း နန္ဒာမေတ္တာ လူမှုကယ်ဆယ်ရေးအဖွဲ့ထံမှ သိရသည်။