Eleven Media Group

■  မင်္ဂလာဆောင်ပြီး (၂) ပတ်အကြာမှာ ယာဉ်မတော်တဆမှုကြောင့် လီဗာပူးလ်တိုက်စစ်ကစားသမား ဂျိုတာ သေဆုံး

Photo: Getty Images

လီဗာပူးလ်တိုက်စစ်ကစားသမား ဂျိုတာဟာ မင်္ဂလာဆောင်ပြီး (၂) ပတ်အကြာမှာပဲ စပိန်နိုင်ငံမှာ ယာဉ်မတော်တဆမှုကြောင့် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ပေါ်တူဂီမီဒီယာတွေရဲ့ ဖော်ပြချက်အရ ဂျိုတာ(၂၈ နှစ်)ဟာ သူ့ညီဖြစ်သူ အန်ဒရီ(၂၆ နှစ်)နဲ့ စပိန်နိုင်ငံကို သွားရောက်လည်ပတ်ခဲ့တယ်လို့ သိရပါတယ်။ သူတို့ မောင်နှင်းလာတဲ့ ကားဟာ စပိန်နိုင်ငံ၊ ဇာမိုရာက A-52 လမ်းမှာ ယာဉ်မတော်တဆမှုဖြစ်ကာ ကားမီးလောင်ခဲ့တာကြောင့် အဲဒီနေရာမှာပဲ နှစ်ယောက်စလုံး ပွဲချင်းပြီး သေဆုံးခဲ့တာ ဖြစ်ပါတယ်။

ကာတယ်လီယာနဲ့ လီယွန်ဒေသမှာ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့က ယာဉ်မတော်တဆမှုကို အတည်ပြုခဲ့ပြီး ကားမီးလောင်ခဲ့ကြောင်းနဲ့ ကားပေါ်မှာ ပါလာတဲ့ လူနှစ်ယောက်စလုံး သေဆုံးခဲ့ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

ပေါ်တူဂီတိုက်စစ်ကစားသမား ဂျိုတာဟာ ကာလရှည်ကြာလက်တွဲလာခဲ့တဲ့ ရည်းစားဖြစ်သူ ရူတီကာဒိုဆိုနဲ့ ပေါ်တိုမှာ မင်္ဂလာဆောင်ပြီး (၂) ပတ်အကြာမှာ အခုလို ယာဉ်မတော်တဆမှုနဲ့ သေဆုံးခဲ့ရတာ ဖြစ်ပါတယ်။

ဂျိုတာဟာ ကွယ်လွန်ချိန်မှာ အသက် (၂၈) နှစ်သာ ရှိသေးပြီး ဇနီးသည်ဖြစ်သူ ရူတီကာဒိုဆိုနဲ့အတူ ကလေး (၃) ဦး ကျန်ရစ်ခဲ့ကြောင်း သိရပါတယ်။

ဂျိုတာ ကွယ်လွန်တဲ့ သတင်းကို ပေါ်တူဂီဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ပရွန်ကာက အတည်ပြုခဲ့ပါတယ်။ သူ့ရဲ့ထုတ်ပြန်ချက်မှာ "ဂျိုတာနဲ့ အန်ဒရီဆေးလ်ဗားတို့ ဒီမနက် စပိန်နိုင်ငံမှာ ယာဉ်မတော်တဆမှုနဲ့ သေဆုံးခဲ့ခြင်းအတွက် ပေါ်တူဂီဘောလုံးအဖွဲ့ချုပ်နဲ့ ပေါ်တူဂီဘောလုံးလောကတစ်ခုလုံး ဝမ်းနည်းကြေကွဲရပါတယ်"လို့ ရေးသားခဲ့တာပါ။

ဂျိုတာဟာ ကစားသမားဘဝကို ပေါ်တူဂီကလပ် ပါကို့စ်ဒီဖာရဲရားအသင်းမှာ စတင်ခဲ့ပြီး အက်သလက်တီကို၊ ပေါ်တို၊ ဝုလ်ဗ်၊ လီဗာပူးလ်အသင်းတို့မှာ ကစားခဲ့တာပါ။

သူဟာ လီဗာပူးလ်အသင်းနဲ့အတူ ပရီးမီးယားလိဂ်၊ FA ဖလားနဲ့ လိဂ်ဖလားတို့ကို ရယူနိုင်ခဲ့ပြီး ပေါ်တူဂီလက်ရွေးစင်အသင်းအတွက်လည်း (၄၉) ပွဲ ကစားကာ အသင်းနဲ့အတူ UEFA Nations League ချန်ပီယံဆုကို (၂) ကြိမ် ရယူနိုင်ခဲ့ပါတယ်။

မူရင်းသတင်း — Eleven Media Group