
မန်ချက်စတာယူနိုက်တက်အသင်းဟာ အသင်းတောင်ပံတိုက်စစ်ကစားသမား ဂါနာချိုကို အခုနွေရာသီမှာ အလျင်အမြန်ရောင်းထုတ်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ သိရပါတယ်။
အသက် (၂၁) နှစ်အရွယ် အာဂျင်တီးနားတောင်ပံတိုက်စစ်ကစားသမား ဂါနာချိုဟာ ယူရိုပါလိဂ်ဗိုလ်လုပွဲအပြီးမှာ အသင်းနည်းပြ အာမိုရင်မ်နဲ့ ဆက်ဆံရေးပြိုကွဲခဲ့ပြီး မန်ချက်စတာယူနိုက်တက်အသင်းက သူ့ကို အခုနွေမှာ အရောင်းတင်ထားတာ ဖြစ်ပါတယ်။
The Telegraph သတင်းစာရဲ့ ဖော်ပြမှုအရ မန်ချက်စတာယူနိုက်တက်အသင်းဟာ လက်ရှိမှာ ဂါနာချိုကို ခေါ်ယူမယ့်အသင်းကို ရှာဖွေနေပြီး အလျင်အမြန် ရောင်းထုတ်နိုင်ဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။
အရင်က ဂါနာချိုကို ခေါ်ယူဖို့ ချယ်လ်ဆီး၊ နာပိုလီနဲ့ အက်သလက်တီကိုအသင်းတို့က စိတ်ဝင်စားခဲ့ပေမဲ့ လက်ရှိမှာတော့ ချယ်လ်ဆီးအသင်းတစ်သင်းတည်းသာ ရှိတော့တယ်လို့ ဗြိတိန်မီဒီယာတွေ ဖော်ပြနေကြပါတယ်။
မန်ချက်စတာယူနိုက်တက်အသင်းဟာ အသင်းတောင်ပံတိုက်စစ်ကစားသမား ဂါနာချိုအတွက် ပြောင်းရွှေ့ကြေး ပေါင်သန်း (၇၀) အထိ အလိုရှိနေပြီး အဲဒီပမာဏမှာ ခေါ်ယူလိုတဲ့အသင်းတွေအတွက် များပြားနေတယ်လို့ သုံးသပ်မှုတွေလည်း ရှိနေတာပါ။