Eleven Media Group

ကလပ်ကမ္ဘာ့ဖလား ကွာတားဖိုင်နယ်ပွဲစဉ်တွေမှာ ဝမ်းနည်းခြင်းအထိမ်းအမှတ် တစ်မိနစ် ငြိမ်သက်မယ်

Photo: FIFA

လီဗာပူးလ်အသင်းက ပေါ်တူဂီတိုက်စစ်ကစားသမား ဒီယိုဂိုဂျိုတာနဲ့ ညီဖြစ်သူ အန်ဒရေဆေးလ်ဗားတို့ ကားမတော်တဆမှုနဲ့ သေဆုံးခဲ့ခြင်းအတွက် ကလပ်ကမ္ဘာ့ဖလား ကွာတားဖိုင်နယ်ပွဲစဉ်တွေမှာ ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် တစ်မိနစ်ငြိမ်သက်သွားမယ်လို့ သိရပါတယ်။
ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ကွာတားဖိုင်နယ်အဆင့်ပွဲစဉ်တွေကို ဒီနေ့ညမှာ စတင်ယှဉ်ပြိုင်ကစားသွားမှာဖြစ်ပြီး ကွာတားဖိုင်နယ်(၄)ပွဲက ဖလူမင်နိစ် - အယ်လ်ဟီလာ၊ ပါးလ်မီးရပ်စ် - ချယ်လ်ဆီး၊ PSG - ဘိုင်ယန်မြူးနစ်၊ ရီးယဲလ်မက်ဒရစ် - ဒေါ့မွန်တို့ဖြစ်ပါတယ်။
ဂျိုတာတို့ညီအစ်ကို ရုတ်တရက်သေဆုံးခဲ့ခြင်းအတွက် ဘောလုံးလောကမှာ ဝမ်းနည်းကြေကွဲကြောင်း ပြောကြားမှုတွေ၊ ဝမ်းနည်းခြင်းအထိမ်းအမှတ်တွေ ပြုလုပ်နေကြပြီး အမျိုးသမီးယူရိုပြိုင်ပွဲမှာလည်း တစ်မိနစ်ငြိမ်သက်မှု ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
ဖီဖာက ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပရိသတ်ကြည့်ရှုမှုနှုန်း မြင့်တက်လာစေဖို့အတွက် လက်မှတ်စျေးနှုန်းတွေကို လျှော့ချပေးနေပြီး ဖလူမင်နိစ် - အယ်လ်ဟီလာပွဲကို (၁၁)ဒေါ်လာဝန်းကျင်နဲ့ ရောင်းချပေးနေတယ်လို့ သိရပါတယ်။
ကွာတားဖိုင်နယ်ပွဲစဉ်တွေထဲမှာ စျေးအကြီးဆုံးပွဲကတောင် (၄၄)ဒေါ်လာဝန်းကျင်သာ ရှိတော့ပြီး အဲဒီပွဲကတော့ PSG - ဘိုင်ယန်မြူးနစ်ပွဲဖြစ်တယ်လို့ သိရပါတယ်။

မူရင်းသတင်း — Eleven Media Group