Eleven Media Group

အာဆင်နယ်အသင်းရဲ့ နည်းပြအဖွဲ့ဝင်အဖြစ် ဟိန့်ဇီ ဆောင်ရွက်မယ်

Photo: Getty Images

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ကစားသမားဟောင်း ဟိန့်ဇီဟာ အာဆင်နယ်အသင်းရဲ့ နည်းပြအဖွဲ့ဝင်အဖြစ် ဆောင်ရွက်သွားမယ်လို့ နာမည်ကျော်ဂျာနယ်လစ် ဒေးဗစ်အွန်စတိန်းက ပြောကြားခဲ့ပါတယ်။
အာဂျင်တီးနားနောက်ခံလူဟောင်း ဟိန့်ဇီ(၄၇ နှစ်)ဟာ မန်ယူအသင်းမှာ ၂၀၀၄-၀၅ ကနေ ၂၀၀၆-၀၇ အထိ (၃)ရာသီကြာ ကစားခဲ့ဖူးသူပါ။
ဟိန့်ဇီဟာ နည်းပြဘဝကို ကူးပြောင်းချိန်မှာ အတ္တလန်တာယူနိုက်တက်နဲ့ နယူးဝဲလ်အိုးဘွိုင်းစ် အသင်းတွေကို ကိုင်တွယ်ခဲ့ဖူးပြီး အသင်းလက်မဲ့ ဖြစ်နေတာတော့ (၂)နှစ်နီးပါးရှိပါပြီ။
အာဆင်နယ်အသင်းရဲ့ နည်းပြ အာတီတာဟာ PSG အသင်းမှာ တွဲဖက်ကစားခဲ့ဖူးတဲ့ ဟိန့်ဇီကို နည်းပြအဖွဲ့ဝင်အဖြစ် ဆောင်ရွက်ဖို့ ကမ်းလှမ်းခဲ့တာဖြစ်ပြီး ဟိန့်ဇီကလည်း လက်ခံခဲ့တာကြောင့် လာမယ့်ရာသီမှာ အာဆင်နယ်အသင်းရဲ့ နည်းပြအဖွဲ့ဝင်တစ်ဦးအဖြစ် မြင်တွေ့ရတော့မှာပါ။
အာဆင်နယ်အသင်းဟာ နည်းပြအဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ကူစတာ ပါးမားအသင်းကို ပြောင်းရွှေ့သွားတာကြောင့် ဟိန့်ဇီကို အစားထိုးခန့်အပ်ဖို့ စီစဉ်ခြင်းဖြစ်တယ်လို့လည်း သိရပါတယ်။
အာဆင်နယ်အသင်းရဲ့ ကစားသမားဟောင်းတစ်ဦးဖြစ်တဲ့ ဘရွန်ခရော့စ်ကလည်း လာမယ့်ရာသီမှာ လီဗာပူးလ်အသင်းရဲ့ နည်းပြအဖွဲ့ဝင်တစ်ဦးအဖြစ် ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

မူရင်းသတင်း — Eleven Media Group