Eleven Media Group

ပြင်သစ်လက်ရွေးစင်အဖြစ် ပြန်လည်ရွေးချယ်ခံရဖို့ အိပ်မက်မက်နေဆဲလို့ ပေါ့ဘာ ဆို

Photo: Monaco

နာမည်ကျော် ပြင်သစ်ကွင်းလယ်ကစားသမား ပေါ့ဘာက ပြင်သစ်လက်ရွေးစင်အဖြစ် ပြန်လည်ရွေးချယ်ခံရဖို့ အိပ်မက်မက်နေဆဲဖြစ်တယ်လို့ ဝန်ခံပြောကြားခဲ့ပါတယ်။
ပေါ့ဘာ(၃၂ နှစ်)ဟာ ဂျူဗင်တပ်စ်အသင်းမှာ ကစားနေတုန်း တားမြစ်ဆေးပြဿနာကြောင့် ကာလရှည်ပွဲပယ်ခံခဲ့ရပြီး အသင်းနဲ့ လမ်းခွဲခဲ့ရသူပါ။
မူလက (၄)နှစ်အထိ ပွဲပယ်ခံခဲ့ရပြီး အယူခံဝင်ရာမှာ (၁၈)လကို လျှော့ချပေးခဲ့တာကြောင့် ၂၀၂၅ မတ်လမှာ ပွဲကစားခွင့် ပြန်ရခဲ့ပါတယ်။
ဒါကြောင့် အခု နွေရာသီမှာ မိုနာကိုအသင်းနဲ့ (၂)နှစ်စာချုပ် ချုပ်ဆိုခဲ့ပြီး ပြင်သစ်လိဂ်မှာ ပြန်ကစားတော့မှာပါ။
ပေါ့ဘာက မိုနာကိုအသင်းရဲ့ ယုံကြည်ပေးမှုအတွက် ကျေနပ်မိကြောင်း ပြောကြားခဲ့သလို၊ ပြင်သစ်လက်ရွေးစင် ပြန်ဖြစ်ဖို့ အိပ်မက်မက်နေဆဲလို့လည်း ဆိုခဲ့ပါတယ်။
'' ပြင်သစ်လက်ရွေးစင်အသင်းမှာ ကစားချင်တာက ပြင်သစ်ကစားသမားတိုင်းရဲ့ ဆန္ဒပါ။ ဒါပေမဲ့ အဆင့်တွေ အများကြီးရှိပါတယ်။ ကျွန်တော်က လောလောဆယ် ပထမဆုံးအဆင့်မှာပဲ ရှိပါသေးတယ်။ ကစားသမားကောင်းတွေ အများကြီးရှိနေတဲ့အသင်းဖြစ်တာကြောင့် ခြေစွမ်းပြနိုင်အောင် ကြိုးစားရဦးမှာပါ'' လို့ ပေါ့ဘာက ပြောကြားခဲ့ပါတယ်။

မူရင်းသတင်း — Eleven Media Group