Eleven Media Group

ကလပ်ကမ္ဘာ့ဖလား ပြိုင်ပွဲအပြီးမှာ ရီးယဲလ်နဲ့ လမ်းခွဲဖို့ ရိုဒရီဂို ဆန္ဒရှိ

Photo: Goal

ရီးယဲလ်မက်ဒရစ်အသင်းရဲ့ ဘရာဇီးလ်တိုက်စစ်ကစားသမား ရိုဒရီဂိုဟာ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးမှာ အသင်းနဲ့ လမ်းခွဲဖို့ ဆန္ဒရှိနေတယ်လို့ သိရပါတယ်။
ရိုဒရီဂိုဟာ ရီးယဲလ်အသင်းမှာ ပုံမှန်ပွဲထွက်ခွင့်ရဖို့ အခွင့်အရေးနည်းပါးလာသလို၊ နည်းပြအပြောင်းအလဲကြောင့် အနာဂတ်မရေရာတော့တဲ့အတွက် လမ်းခွဲဖို့ လိုလားနေတာပါ။
ရီးယဲလ်အသင်းရဲ့နည်းပြသစ် ရှာဘီအလွန်ဆိုက ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်ခင်က ရိုဒရီဂိုဟာ အသင်းအတွက် အရေးပါတဲ့ ကစားသမားတစ်ယောက်ဖြစ်တယ်လို့ ပြောကြားခဲ့ပေမဲ့ ပြိုင်ပွဲမှာ ဂွန်ဇာလိုဂါစီယာက ပိုပြီးခြေစွမ်းပြနိုင်ခဲ့တာကြောင့် ရိုဒရီဂိုအတွက် သင့်တော်တဲ့ ကမ်းလှမ်းမှုရရှိရင် ရောင်းထုတ်ဖို့ လိုလားနေပြီလို့ သိရပါတယ်။
ဒါကြောင့် ရိုဒရီဂိုရဲ့ အေးဂျင့်ဖြစ်သူကလည်း အပြောင်းအရွှေ့အတွက် စီစဉ်ဆောင်ရွက်နေပြီဖြစ်ပြီး ရိုဒရီဂိုကို ခေါ်ယူချင်တဲ့အသင်းတွေကတော့ အာဆင်နယ်၊ ဘိုင်ယန်မြူးနစ်၊ မန်စီးတီးနဲ့ PSG တို့ဖြစ်တယ်လို့ သိရပါတယ်။
ရီးယဲလ်အသင်းက ပေါင်သန်း(၇၀)ဝန်းကျင်နဲ့ ရောင်းထုတ်မယ့် ရိုဒရီဂို(၂၄ နှစ်)ကို ခေါ်ယူနိုင်ဖို့ အာဆင်နယ်အသင်းက အလားအလာအကောင်းဆုံးဖြစ်နေတယ်လို့လည်း သတင်းထွက်နေပါတယ်။

မူရင်းသတင်း — Eleven Media Group