
ဖလူမင်နန်ဆီ နှင့် အယ်လ်ဟီလာ (မြန်မာစံတော်ချိန် စနေနံနက် ၁း၃၀ နာရီ)
ဘရာဇီးကလပ်တွေက ဒီပြိုင်ပွဲမှာ ခြေစွမ်းပြနေဆဲဖြစ်ပြီး ၁၆ သင်းအဆင့်ကို လေးသင်းစလုံး တက်ရောက်လာနိုင်သလို ကွာတားဖိုင်နယ်ကိုလည်း နှစ်သင်းတက်ရောက်လာပါတယ်။ ဖလူမင်နန်ဆီအသင်းက အုပ်စုအဆင့်မှာ ဒေါ့မွန်၊ မာမီလိုဒီဆန်းဒေါင်းအသင်းတို့နဲ့ သရေ၊ အူလ်ဆန် HD အသင်းကို ဂိုးပြတ်အနိုင်ယူပြီး ဒုတိယနေရာရရှိခဲ့သလို ၁၆ သင်းအဆင့်မှာလည်း နာမည်ကြီး အင်တာမီလန်အသင်းကို Clean Sheet ရလဒ်နဲ့ နှစ်ဂိုးပြတ် အနိုင်ရခဲ့တာပါ။ အယ်လ်ဟီလာအသင်းကလည်း အုပ်စုအဆင့်မှာ ရီးယဲလ်မက်ဒရစ်၊ ဆာလ်ဇ်ဘာ့ဂ်အသင်းတို့နဲ့ သရေ၊ ပါချူကာအသင်းကို အနိုင်ရပြီး ဒုတိယရရှိခဲ့သလို ၁၆ သင်းအဆင့်မှာလည်း ရေပန်းအစားဆုံး မန်စီးတီးအသင်းကို အချိန်ပိုအထိ ကစားပြီးတော့ ကျော်ဖြတ်ခဲ့တာပါ။ ကစားသမားအင်အားနဲ့ စုဖွဲ့မှုအရတော့ အယ်လ်ဟီလာအသင်းက ပိုသာပါတယ်။ မိနစ် ၉၀ အတွင်း ရလဒ်ပြတ်သားဖို့မလွယ်ဘဲ သရေကျဖို့များတယ်။ နောက်တစ်ဆင့်တက်မယ့် အသင်းဆိုရင်တော့ အယ်လ်ဟီလာအသင်းကို ပိုကြိုက်တယ်။
ပါလ်မီးရပ်စ် နှင့် ချယ်လ်ဆီး (မြန်မာစံတော်ချိန် စနေနံနက် ရး၃၀ နာရီ)
ချယ်လ်ဆီးအသင်းက PSG နဲ့ ရီးယဲလ်တို့ပြီးရင် ဒီပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ တတိယရေပန်းအစားဆုံးအသင်းဖြစ်လာပါတယ်။ အုပ်စုအဆင့်မှာ LAFC နဲ့ တူနစ်အသင်းတို့ကို ဂိုးပြတ်အနိုင်ရပေမဲ့ ဖလာမင်ဂိုအသင်းကို မထင်မှတ်ဘဲ ဂိုးပြတ်ရှုံးနိမ့်လို့ ဒုတိယနဲ့ပဲ ကျေနပ်ခဲ့ရတယ်။ ဒါပေမဲ့ ၁၆ သင်းအဆင့်မှာတော့ ဥရောပထိပ်သီးပြိုင်ဘက် ဘင်ဖီကာအသင်းကို အချိန်ပိုမှာ ဂိုးပြတ်သွင်းယူပြီး ကွာတားဖိုင်နယ်တက်ရောက်လာတာပါ။ ပါလ်မီးရပ်စ်အသင်းကလည်း အုပ်စုအဆင့်မှာ ပေါ်တို၊ အင်တာမိုင်ယာမီအသင်းတို့နဲ့ သရေ၊ အယ်လ်အာလီအသင်းကို အနိုင်ယူပြီး ပထမနေရာ ရပ်တည်နိုင်ခဲ့သလို ၁၆ သင်းအဆင့်မှာလည်း ဘရာဇီးလိဂ်ပြိုင်ဘက် ဘိုတာဖိုဂိုအသင်းကို အချိန်ပိုမှာ အနိုင်ရပြီး ဒီအဆင့်ရောက်ရှိလာတာပါ။ ချယ်လ်ဆီးက တိုက်စစ်အားကောင်းပြီး လေးပွဲမှာ ၁၀ ဂိုး အထိ သွင်းယူထားနိုင်သလို နေတိုက သုံးဂိုး၊ အန်ဇို၊ အဒါရာဘီအိုယို၊ ဒီလပ်၊ ဂျော့ချ်၊ ရီးစ်ဂျိမ်းစ်၊ အန်ကွန်ကူ၊ ဒူးစ်ဘူရီဟောလ် စတဲ့ နေရာစုံက ကစားသမားတွေ တစ်ဂိုးစီသွင်းယူပေးထားတာဖြစ်တယ်။ ခံစစ်ကတော့ လေးပွဲမှာ Clean Sheet နှစ်ပွဲရထားပေမဲ့ အားနည်းချက်တချို့ ရှိနေတုန်းပဲ။ ပါလ်မီးရပ်စ်အသင်းက စုစည်းမှုရှိပေမဲ့ ချယ်လ်ဆီးကိုတော့ ယှဉ်နိုင်ဖို့မလွယ်ဘူး။ ချယ်လ်ဆီးအသင်းပဲ အနိုင်ရမယ်။