Eleven Media Group

၂၀၂၅-၂၀၂၆ အာဆီယံကလပ် ချန်ပီယံရှစ်ပြိုင်ပွဲ  ခြေစစ်ပွဲအဆင့်မှာ ရှမ်းယူနိုက်တက်အသင်း လာအိုကလပ် EZRA  အသင်းနဲ့ တွေ့ဆုံ

Photo: AFF

၂၀၂၅-၂၀၆ အာဆီယံကလပ် ချန်ပီယံရှစ်ပြိုင်ပွဲ အုပ်စုမဲခွဲပွဲနဲ့ ခြေစစ်ပွဲ ပွဲစဉ်ရေးဆွဲခြင်းအခမ်းအနားကို ဇူလိုင် ၄ ရက်က ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ကျင်းပရာ မြန်မာကလပ် ရှမ်းယူနိုက်တက်အသင်းဟာ ခြေစစ်ပွဲအဆင့်မှာ လာအိုကလပ် EZRA အသင်းနဲ့ တွေ့ဆုံနေကြောင်း သိရပါတယ်။
အာဆီယံဘောလုံးအဖွဲ့ချုပ်(AFF) ဟာ ခြေစစ်ပွဲ ပွဲစဉ်ရေးဆွဲခြင်းနဲ့အတူ နောက်ဆုံးအဆင့် အုပ်စုမဲခွဲပွဲကိုပါ တစ်ပေါင်းတည်း ပြုလုပ်ခဲ့တာပါ။
AFF ဟာ ဒီနှစ်ပြိုင်ပွဲ နောက်ဆုံးအဆင့်ကို အသင်း စုစုပေါင်း ၁၄ သင်းအထိ တိုးမြှင့်ကျင်းပဖို့ စီစဉ်ထားပေမဲ့ အင်ဒိုနီးရှားကလပ်အသင်းနှစ်သင်း နုတ်ထွက်သွားတာကြောင့် ပြီးခဲ့တဲ့နှစ်အတိုင်း ခြောက်သင်း နှစ်အုပ်စု ခွဲပြီး ပြုလုပ်မှာ ဖြစ်ပါတယ်။
ခြေစစ်ပွဲအဆင့်မှာ မြန်မာ၊ ဖိလစ်ပိုင်၊ လာအိုနဲ့ ဘရူနိုင်းကလပ်အသင်းတွေ ယှဉ်ပြိုင်ရမှာဖြစပြီး ပွဲစဉ်မဲနှိုက်ရေးဆွဲမှုအရ မြန်မာကလပ် ရှမ်းယူနိုက်တက်အသင်းနဲ့ လာအိုကလပ် EZRA အသင်း၊ ဖိလစ်ပိုင်ကလပ် ဆီဘူးအသင်းနဲ့ ဘရူနိုင်းကလပ် ကာဆူကာအသင်း တွေ့ဆုံနေပါတယ်။
ခြေစစ်ပွဲကို အိမ်ကွင်း၊ အဝေးကွင်း နှစ်ကျော့စနစ်နဲ့ သြဂုတ်လအတွင်း ကျင်းပမှာဖြစ်ပေမဲ့ ကျင်းပမယ့်ရက်ကို အတည်မပြုရသေးပါဘူး။
ခြေစစ်ပွဲအဆင့်မှာ အနိုင်ရတဲ့ နှစ်သင်းဟာ နောက်ဆုံးအဆင့်ကို ယှဉ်ပြိုင်ခွင့်ရမှာဖြစ်ပြီး ရှမ်းယူနိုက်တက်အသင်းဟာ အနိုင်ရရင် အုပ်စု (B) ကို ကျရောက်မှာပါ။
နောက်ဆုံးအဆင့် အုပ်စုမဲခွဲမှုအရ အုပ်စု(A) မှာ လက်ရှိချန်ပီယံ ဘူရီရမ်ယူနိုက်တက် (ထိုင်း)၊ BG ပါသွန်ယူနိုက်တက် (ထိုင်း)၊ ဆီလန်ဂေါ (မလေးရှား)၊ ကောင်အန်ဟနွိုင်း (ဗီယက်နမ်)၊ တမ်ပနိစ်ရိုဗာ (စင်ကာပူ)၊ ဆီဘူး/ကာဆူကာ (ခြေစစ်ပွဲအောင်အသင်း)၊ အုပ်စု (B) မှာ ဘန်ကောက်ယူနိုက်တက် (ထိုင်း)၊ ဂျိုဟိုးဒါရူးလ် (မလေးရှား)၊ နမ်ဒင်း (ဗီယက်နမ်)၊ Lion City Sailors (စင်ကာပူ)၊ Svay Rieng (ကမ္ဘောဒီးယား)၊ ရှမ်းယူနိုက်တက်/EZRA (ခြေစစ်ပွဲအောင်အသင်း) တို့ ပါဝင်နေပါတယ်။
ရှမ်းယူနိုက်တက်အသင်းဟာ ခြေစစ်ပွဲအောင်မြင်ခဲ့ရင် အုပ်စုကျပ်အတွင်း ကျရောက်မှာဖြစ်ပြီး ဘန်ကောက်ယူနိုက်တက်အသင်းကလွဲရင် ကျန်အသင်းတွေဟာ သက်ဆိုင်ရာနိုင်ငံလိဂ်ပြိုင်ပွဲတွေမှာ ချန်ပီယံဖြစ်ထားတဲ့ အသင်းတွေဖြစ်ပါတယ်။

မူရင်းသတင်း — Eleven Media Group