Eleven Media Group

နီကိုဝီလီယံစ်ကို ဘီလ်ဘာအိုအသင်း ၂၀၃၅ ခုနှစ်အထိ သက်တမ်းတိုးစာချုပ် ချုပ်ဆို

Photo: X

ဘီလ်ဘာအိုအသင်းရဲ့ စပိန်တောင်ပံကစားသမား နီကိုဝီလီယံစ်ဟာ ဘာစီလိုနာကို ပြောင်းရွှေ့မယ်လို့ သတင်းထွက်ခဲ့ပေမဲ့ ဘီလ်ဘာအိုအသင်းနဲ့ပဲ ၂၀၃၅ ခုနှစ်အထိ သက်တမ်းတိုးစာချုပ် ချုပ်ဆိုလိုက်ပါတယ်။
နီကိုဝီလီယံစ်ဟာ၂၀၁၃ ခုနှစ်ကတည်းက ဘီလ်ဘာအိုအသင်းရဲ့ လူငယ်အကယ်ဒမီကို ရောက်ရှိခဲ့သူဖြစ်ပြီး ၂၀၂၀ ခုနှစ်ကစပြီး အသင်းကြီးအတွက် ကစားခွင့်ရခဲ့သူပါ။
နီကိုဝီလီယံစ်ဟာ အခုနောက်ပိုင်းမှာ အသင်းရဲက အဓိကကစားသမားတစ်ဦးအဖြစ် ခြေစွမ်းပြနေတာကြောင့် ထိပ်သီးအသင်းတွေက ခေါ်ယူဖို့ စိတ်ဝင်စားလာကြပြီး ဘာစီလိုနာအသင်းရဲ့ နံပါတ်တစ် ပစ်မှတ်ကစားသမားအဖြစ် ရပ်တည်လာပါတယ်။
ဘာစီလိုနာအသင်းက စပိန်ကစားသမားတွေကလည်း အသင်းကို ပြောင်းရွှေ့လာဖို့ တိုက်တွန်းနေတာကြောင့် ဘာစီလိုနာကစားသမားဖြစ်လာတော့မယ်လို့ ထင်ကြေးပေးနေကြပေမဲ့ ဘီလ်ဘာအိုအသင်းနဲ့ သက်တမ်းတိုးဖို့ အံ့အားသင့်ဖွယ်ဆုံးဖြတ်ခဲ့တာပါ။
နီကိုဝီလီယံစ်ကို သက်တမ်းတိုးစာချုပ် ချုပ်ဆိုလိုက်ကြောင်း ဘီလ်ဘာအိုအသင်းက ဝက်ဘ်ဆိုက်ကနေ အတည်ပြုကြေညာခဲ့ပြီး လျော်ကြေးစာချုပ်တန်ဖိုးကိုလည်း မူလကထက် ၅၀ ရာခိုင်နှုန်းကျော် တိုးမြှင့်ခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။
နီကိုဝီလီယံစ်ရဲ့ မူလလျော်ကြေးစာချုပ်က ယူရို ၅၈ သန်းဖြစ်ပြီး အခု လျော်ကြေးစာချုပ်သစ်ရဲ့ တန်ဖိုးကတော့ ယူရို ၈၅ သန်းဝန်းကျင် ရှိသွားပြီလို့ မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။
နီကိုဝီလီယံစ်က ''ဆုံးဖြတ်ချက်တွေ ချမှတ်ဖို့ အချိန်ရောက်လာတဲ့အခါ ကျွန်တော့်အတွက် အရေးအကြီးဆုံးအရာကတော့ နှလုံးသားရဲ့အသံကို နားထောင်ဖို့ပါပဲ။ ကျွန်တော် ကစားချင်တဲ့နေရာမှာ ကစားချင်တဲ့လူတွေနဲ့အတူ ရှိနေပါတယ်။ ဒါဟာ ကျွန်တော့်ရဲ့ အိမ်ပါ''လို့ ပြောကြားခဲ့ပါတယ်။

မူရင်းသတင်း — Eleven Media Group