
မန်ယူနိုက်တက်အသင်း တိုက်စစ်ကစားသမား ရပ်ရှ်ဖို့ဒ်ဟာ လာမယ့် တနင်္လာနေ့ (ဇူလိုင် ၇ ရက်) မှာ အသင်းနဲ့အတူ ရာသီကြိုလေ့ကျင့်မှုအစီအစဉ် စတင်ပြုလုပ်ဖို့ စီစဉ်ထားပါတယ်။
အသက် (၂၇) နှစ်ရှိပြီဖြစ်တဲ့ အင်္ဂလန်ကစားသမား ရပ်ရှ်ဖို့ဒ်ဟာ မန်ယူနိုက်တက်အသင်းနည်းပြ အာမိုရင်မ်နဲ့ အဆင်မပြေလို့ ပြီးခဲ့တဲ့ရာသီဝက်ကာလမှာ ဗီလာအသင်းဆီ အငှားသွားရောက်ကစားခဲ့တာပါ။
ရပ်ရှ်ဖို့ဒ်နဲ့နီးစပ်တဲ့ သတင်းရင်းမြစ်တွေက သူဟာ အာမိုရင်မ်ရဲ့လက်အောက်မှာ ထပ်ပြီးကစားဖို့မရှိဘူးလို့ ဧပြီလအတွင်းမှာ ပြောကြားထားပါတယ်။
ရပ်ရှ်ဖို့ဒ်ကိုယ်တိုင်ကလည်း ဘာစီလိုနာအသင်း လူငယ်ကြယ်ပွင့်ကစားသမား ယမားလ်နဲ့ တွဲကစားချင်တယ်လို့ ပြီးခဲ့တဲ့ဇွန်လအတွင်း ထုတ်ဖော်ပြောကြားထားပါတယ်။
မန်ယူနိုက်တက်အသင်းရဲ့ ရာသီကြိုလေ့ကျင့်မှုအစီအစဉ်ကို တနင်္လာနေ့စတင်မှာဖြစ်ပြီး နီးစပ်တဲ့ သတင်းရင်းမြစ်တွေကတော့ ရပ်ရှ်ဖို့ဒ်က သူပြန်လာဖို့အတွက် ပြဿနာမရှိဘူးလို့ ပြောထားတယ်ဆိုပြီး သတင်းပေးထားပါတယ်။
မန်ယူနိုက်တက်အသင်းဟာ အမေရိကခြေစမ်းခရီးစဉ်မတိုင်ခင် ဇူလိုင် (၁၉) ရက်မှာ လိဒ်စ်အသင်းနဲ့ ဆွီဒင်နိုင်ငံ၊ စတော့ဟုမ်းမြို့မှာ ပထမဆုံးခြေစမ်းပွဲ ယှဉ်ပြိုင်ကစားရမှာပါ။