Eleven Media Group

■ ဘာစီလိုနာနဲ့ ဘိုင်ယန်မြူးနစ်အသင်းတွေရဲ့ပစ်မှတ် နီကိုဝီလီယံစ် ဘီလ်ဘာအိုအသင်းနဲ့ ၁၀ နှစ် သက်တမ်းတိုး

Photo: CNN

စပိန်တောင်ပံကစားသမား နီကိုဝီလီယံစ်ဟာ လက်ရှိကလပ် ဘီလ်ဘာအိုအသင်းနဲ့ ၁၀ နှစ်သက်တမ်းရှိ စာချုပ်သစ် ချုပ်ဆိုခဲ့ပါတယ်။

နီကိုဝီလီယံစ်(၂၂ နှစ်)အနေနဲ့ အခုအပြောင်းအရွှေ့ကာလအတွင်း ဘာစီလိုနာ၊ ဘိုင်ယန်မြူးနစ်အသင်းတွေနဲ့ သတင်းအတော်ထွက်ခဲ့တာပါ။

စပိန်အသင်းနဲ့ ယူရို-၂၀၂၄ ပြိုင်ပွဲပြီးကတည်းက သူ့ရဲ့အနာဂတ်ဟာ လှုပ်ခတ်ခဲ့တာဖြစ်တယ်။

နီကိုဝီလီယံစ်ရဲ့မူလစာချုပ်ဟာ ၂၀၂၇ ခုနှစ်မှာ ကုန်ဆုံးမှာဖြစ်ပြီး အခု ၂၀၃၅ ခုနှစ် ဇွန်လ ၃၀ ရက်အထိ စာချုပ်ချုပ်ဆိုခဲ့တာပါ။

စာချုပ်သစ်မှာ လျော်ကြေးပမာဏကို နှစ်ဆတိုးမြှင့်ခဲ့လို့ ယူရို ၆၂ သန်း (ပေါင် ၅၃ သန်း)အထိ ဖြစ်လာခဲ့ပါတယ်။

နီကိုဝီလီယံစ်ဟာ ဘီလ်ဘာအို သက်တမ်းအလိုက်အသင်းတွေနဲ့ ကစားခဲ့ပြီး ၂၀၂၁ ခုနှစ် ဧပြီလ ၁၈ ရက်မှာ ကလပ်ပွဲဦးထွက်ခဲ့ပါတယ်။

အသင်းအတွက် ပြိုင်ပွဲစုံ ၁၆၇ ပွဲကစားကာ ၃၁ ဂိုး သွင်းခဲ့ပြီး ပြီးခဲ့တဲ့ရာသီက အဆင့် လေးနေရာရပ်တည်စေကာ ချန်ပီယံလိဂ်ဝင်ခွင့်ရအောင် ကူညီပေးခဲ့ပါတယ်။

မူရင်းသတင်း — Eleven Media Group