Eleven Media Group

■ မောင်မောင်လွင်ကို လမ်ဖွန်အသင်း (၃) နှစ် သက်တမ်းတိုး စာချုပ်ချုပ်ဆို

Photo: Mg Mg Lwin Facebook

ထိုင်းလိဂ်- ၁ ကလပ် လမ်ဖွန်အသင်းဟာ မြန်မာ့လက်ရွေးစင်အသင်းခေါင်းဆောင် တောင်ပံတိုက်စစ်ကစားသမား မောင်မောင်လွင်ကို (၃) နှစ် သက်တမ်းတိုး စာချုပ် ချုပ်ဆိုလိုက်ပါတယ်။

ဒါကြောင့် မောင်မောင်လွင်ဟာ လမ်ဖွန်အသင်းမှာ ၂၀၂၈ ခုနှစ်အထိ ကစားသွားတော့မှာ ဖြစ်ပါတယ်။

အသက် (၃၀) ရှိ မောင်မောင်လွင်ဟာ လမ်ဖွန်အသင်းမှာ ၂၀၂၁ ခုနှစ်ကတည်းက ကစားနေသူဖြစ်ပြီး အသင်းမှာ ပုံမှန်ပွဲထွက် ကစားခွင့်ရနေသူ ဖြစ်ပါတယ်။

မောင်မောင်လွင်ဟာ လမ်ဖွန်အသင်းအတွက် (၄) ရာသီမှာ (၈၇) ပွဲကစား၊ (၁၁) ဂိုး သွင်းယူပေးထားပါတယ်။

မောင်မောင်လွင်ဟာ ပရီးမီးယားလိဂ်ရဲ့ နာမည်ကျော် မန်ချက်စတာယူနိုက်တက်အသင်းနဲ့ အာဆီယံ All Stars အသင်းတို့ ယှဥ်ပြိုင်ကစားတဲ့ပွဲမှာ အာဆီယံ All Stars အသင်းအတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို သွင်းယူပေးခဲ့သူလည်း ဖြစ်ပါတယ်။

မောင်မောင်လွင်ဟာ ပရော်ဖက်ရှင်နယ်ကစားသမားဘဝကို ဟံသာဝတီယူနိုက်တက်အသင်းနဲ့ စတင်ခဲ့သူဖြစ်ပြီး ၂၀၁၇ ခုနှစ်ကနေ ၂၀၂၁ ခုနှစ်အထိ ရန်ကုန်ယူနိုက်တက်အသင်းမှာ ကစားခဲ့သူဖြစ်ပါတယ်။

မောင်မောင်လွင်ဟာ ၂၀၂၁ ခုနှစ်ရောက်မှ ရန်ကုန်ယူနိုက်တက်အသင်းကနေ ထိုင်းကလပ် လမ်ဖွန်အသင်းကို ပြောင်းရွှေ့ခဲ့သူဖြစ်ပါတယ်။

မူရင်းသတင်း — Eleven Media Group