Eleven Media Group

မူဆီယာလာ ဒဏ်ရာရရှိခဲ့ခြင်းအတွက် ဒွန်နာရမ်မာကို နော်ယာ ဝေဖန်ပြစ်တင်

Photo: Reuters

ဘိုင်ယန်မြူးနစ်အသင်းရဲ့ ဂိုးသမား နော်ယာက အသင်းဖော် မူဆီယာလာ ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ခြင်းအတွက် PSG ဂိုးသမား ဒွန်နာရမ်မာကို ဝေဖန်ပြစ်တင်ခဲ့ပါတယ်။
မူဆီယာလာဟာ ဘိုင်ယန်မြူးနစ်နဲ့ PSG တို့ ယှဉ်ပြိုင်ကစားတဲ့ ကလပ်ကမ္ဘာ့ဖလား ကွာတားဖိုင်နယ်ပွဲစဉ်မှာ ဒွန်နာရမ်မာနဲ့ ထိခိုက်ပြီး ဘယ်ဘက်ခြေချင်းဝတ် ကျိုးသွားခဲ့တာပါ။
ဒါကြောင့် ဆေးရုံမှာ ကုသမှုခံယူနေရသလို၊ ခွဲစိတ်ကုသရဖွယ်ရှိတယ်လို့လည်း သိရပါတယ်။
အခုလို ဒဏ်ရာရရှိခဲ့ခြင်းအတွက် ဒွန်နာရမ်မာက စိတ်မကောင်းဖြစ်ပြီး ငိုကြွေးခဲ့ပေမဲ့ နော်ယာကတော့ ဒွန်နာရမ်မာအနေနဲ့ မလိုအပ်တဲ့ စွန့်စားမှုပြုလုပ်ခဲ့တာကြောင့် မူဆီယာလာ ထိခိုက်ဒဏ်ရာရခဲ့ခြင်းဖြစ်တယ်လို့ ဝေဖန်ပြစ်တင်ခဲ့တာပါ။
'' အခြေအနေက ဒွန်နာရမ်မာအနေနဲ့ အခုလိုမျိုး မလုပ်ခဲ့သင့်ပါဘူး။ ဒါဟာ စွန့်စားရာရောက်ပါတယ်။ သူက ပြိုင်ဘက်ကစားသမား ဒဏ်ရာရသွားနိုင်တဲ့ အခြေအနေကို စွန့်စားခဲ့တာဖြစ်ပါတယ်။ တရားမျှတစွာ ယှဉ်ပြိုင်ကစားဖို့က အမြဲတမ်းအရေးကြီးပါတယ်'' လို့ နော်ယာက ပြောကြားခဲ့ပါတယ်။
ဒွန်နာရမ်မာက ပွဲအပြီးမှာ မူဆီယာလာ အမြန်ဆုံးသက်သာပျောက်ကင်းဖို့ ဆုတောင်းပေးနေကြောင်း Instagram မှာ ရေးသားခဲ့ပါတယ်။

မူရင်းသတင်း — Eleven Media Group